ဇန်နဝါရီ ၂၈
တရုတ်နိုင်ငံတွင် တရုတ်နှစ်သစ်ကူးပွဲတော် (နွေဦးပွဲတော်) အားလပ်ရက် ရှစ်ရက်တာကာလသည် ဇန်နဝါရီ ၂၈ ရက်တွင်စတင်ခဲ့သည်။
အဆိုပါကာလဝန်းကျင်တွင် ခရီးသွား ကိုးဘီလီယံ စံချိန်တင်များပြားမည်ဟု အစိုးရက ခန့်မှန်းထားသည်။ နွေဦးပွဲတော်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။
ဝန်စည်စလယ်များ သယ်ဆောင်လာသော မိသားစုများအပါအဝင် လူအများအပြားကို တောင်ပိုင်းကွမ်တုံပြည်နယ်ရှိ ကွမ်ကျိုးလေဆိပ်တွင် ယမန်နေ့က မြင်တွေ့ခဲ့ရသည်။
နှစ်သစ်ကူးပွဲတော်အားလပ်ရက်မတိုင်မီ ဇန်နဝါရီလလယ်ပိုင်းမှစတင်ကာ လေဆိပ်များနှင့်ရထားဘူတာရုံများတွင် ၎င်းတို့၏မွေးရပ်မြေများနှင့် ခရီးသွားအပန်းဖြေနေရာများသို့လည်ပတ်သွားလာသူများနှင့်စည်ကားလျက်ရှိသည်။
နွေဦးပွဲတော်ကာလဝန်းကျင် ရက်ပေါင်း ၄၀ ကြာကာလအတွင်း မော်တော်ယာဉ်များ၊ ရထားများ၊ လေယာဉ်များနှင့် အခြားသောနည်းလမ်းများအသုံးပြုကာခရီးသွားလာသူ ကိုးဘီလီယံရှိမည်ဟု အစိုးရကမျှော်မှန်းထားသည်။
ဂျပန်နိုင်ငံသည် နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း နိုင်ငံခြားခရီးသွားအပန်းဖြေနေရာများအနက် လူကြိုက်အများဆုံးနိုင်ငံဖြစ်သည်ဟု ခရီးသွားကုမ္ပဏီကြီးတစ်ခုကဆိုသည်။ တရုတ်နိုင်ငံအနီးရှိ ထိုင်း၊ မလေးရှားနိုင်ငံကဲ့သို့သော အခြားနေရာများကိုလည်း ခရီးသွားများကြိုက်နှစ်သက်မှုရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို