နေပြည်တော် ဇန်နဝါရီ ၂၈

 

အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်မ၌ ကျင်းပရာ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာ စကားပြောကြားသည်။

 

အစည်းအဝေးသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊   ကောင်စီအတွင်းရေးမှူးနှင့် ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ပြင်ပကျွမ်းကျင် ပညာရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀ -၂၀၂၅ အကောင်အထည်ဖော်မှုကို ကြီးကြပ်ဆောင်ရွက်ရန်၊ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီ၏ ပို့ကုန်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစီရင်ခံတင်ပြမှုများအပေါ် လေ့လာသုံးသပ်ပြီး မူဝါဒ ဆိုင်ရာလမ်းညွှန်မှုပေးရန်နှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းဗျူဟာများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  ထိန်းကျောင်းလမ်းညွှန်မှုပြုပေးရန်အတွက်အစိုးရ-ပုဂ္ဂလိက ကုန် သွယ်မှုမြှင့်တင်ရေးကောင်စီကို ဖွဲ့စည်းထားပြီး ကောင်စီ၏အစည်းအဝေးများကို ယခုကဲ့သို့ ကျင်းပ နေခြင်းဖြစ်ကြောင်း။  

 

အစည်းအဝေးဆုံးဖြတ်ချက်များအပါ် သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုမပြုနိုင်ရေး တားဆီးဆောင်ရွက်ရန် အရေးကြီးသကဲ့သို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမယ်သစ်ထုတ်ကုန်များကို ဖော်ထုတ်ပြီး ဈေးကွက် ရှာဖွေတင်ပို့နိုင်ရေး ဆောင်ရွက်ရန်လည်းလိုကြောင်း၊ ကုန်သွယ်မှုဆိုရာတွင် ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်း နှစ်ရပ်လုံး ပါဝင်ကြောင်း၊ နိုင်ငံ၏ ကုန်သွယ်မှုပမာဏ တိုးတက်ရန်အတွက် ပို့ကုန်ကိုတိုးမြှင့်ဆောင်သွားရန် လိုအပ်သကဲ့သို့ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသည့် သွင်းအားစုများ တင်သွင်း ခြင်းဖြင့် ကုန်သွယ်မှုအား မျှခြေဖြစ်ရန်လည်း လိုအပ်ကြောင်း။

 

 ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွက် ကုန်သွယ်မှုပမာဏ လျာထားချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာဌာနများ နှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက ပူးပေါင်းပြီး တွန်းအားပေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊ ယနေ့အစည်းအဝေးမှ ဆွေးနွေးရရှိမှုများ အပေါ် ကဏ္ဍများအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကိုရှေးရှုပြီး လိုအပ်သည့် လမ်းညွှန်မှုများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များကလည်း မိမိတို့နှင့် သက်ဆိုင်သည့်ကဏ္ဍများ ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း ပြောကြား သည်။

 

ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀ - ၂၀၂၅ ကို အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကောင်စီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ ပံ့ပိုးဆောင်ရွက် သွားမည့် အခြေအနေများကို ဆွေးနွေးရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

(သတင်းစဉ်)