နေပြည်တော် ဇန်နဝါရီ ၂၈
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပဲခူးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ပဲခူးမြို့ရှိ သီရိဟံသာခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ပဲခူးခရိုင်နှင့် မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်လုံးကျွတ်သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန် ပြီးစီးမှုနှင့် ယင်းအချက်အလက်များကို မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့် အချက်အလက်များနှင့် နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်နိုင်မှု၊ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား သုံးသောင်းကျော်ထုတ်ပေးရန် လျာထားမှုနှင့် လျာထားချက်ပြီးစီးအောင်မြင်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဆင့်ဆင့်က ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ သည့် လူဦးရေစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်က စိစစ်ပြင်ဆင် အတည်ပြုဆောင်ရွက်နေမှုနှင့် ပန်းခင်းစီမံချက်အဆင့်(၃) လျာထားချက်အပေါ် အကောင် အထည်ဖော် ဆောင်ရွက်သွားမည့်အစီအစဉ်ကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီဝင် များက လုပ်ငန်းကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းများအောင်မြင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၌ ပဲခူးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အဆိုပါကျောင်းရှိ အသက်ပြည့်မီသည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေမှုနှင့် နိုင်ငံသားကတ်ပြားရရှိပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို e-IDစနစ်ဖြင့် Biographic/Biometric ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို One Stop Service ဖြင့် တစ်ပါတည်း ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၂၅၈)ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြား စိစစ်ထုတ်ပေးပြီး Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းထုတ်ပေး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


