နေပြည်တော် ဇန်နဝါရီ ၂၈

 

EV သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့ ညနေပိုင်းတွင် Hybrid စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများသုတေသန ဖွံ့ဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံအတွက် ရေရှည်အကျိုးပြုမည့် EV သုတေသနဖွံဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများကို အမြင်ကျယ်ကျယ်ဖြင့် ပြည့်စုံအောင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်၊ ပြည်သူများ EV ကို အဆင်ပြေစွာ သုံးစွဲနိုင်အောင် လက်တွေ့ကျကျ အထောက်အကူပြုမည့် IT Application များ ဖွံ့ဖြိုးရေးအလေးပေးဆောင်ရွက်ရန်၊ အိမ်စီး EV များအပြင် နှစ်ဘီး၊ သုံးဘီး EV များနှင့် လယ်ယာစိုက်ပျိုးရေးသုံး EV များ၊ ဆိုလာသုံး EV အားသွင်း စနစ်များ၊EV Metrology နှင့် EV ဘက်ထရီသုတေသနများကို ပိုမိုထိရောက် ပီပြင်စွာဆောင်ရွက်ရန်၊ EV သင်တန်းများ၌ နည်းပညာလိုအပ်ချက်များနှင့် ကိုက်ညီအောင်နှင့် စံနှုန်းများအတိုင်း ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ပေးရန်၊ EV စံချိန်စံညွှန်းနှင့် မူဝါဒများသတ်မှတ်နိုင်ရေးအတွက် ဦးဆောင် ကော်မတီသို့ တင်ပြနိုင်ရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ EV ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေး နည်းပညာများနှင့် စွန့်ပစ်ဘက်ထရီစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများကို ပြည်သူများ အပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)