နေပြည်တော် ဇန်နဝါရီ ၂၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌တွေ့ဆုံ၍ အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြီး တိုင်းဒေသကြီး ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမနှင့် အားကစားကွင်းတို့ကို လည်းကောင်း၊ ရွှေဝယ်သီရိရင်ပြင်ရှိ ဖူဆယ်အားကစားခန်းမနှင့် ရွှေဝယ်သီရိ အားကစားခန်းမတို့ကို လည်းကောင်း၊ ကာယဗလအားကစားရုံနှင့် ဂျူဒိုလေ့ကျင့်ရေးအားကစားရုံတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရွှေဝယ်သီရိအားကစားခန်းမ၌ လေ့ကျင့်လျက်ရှိသည့် ဘော်လီဘော မျိုးဆက်သစ် အားကစားသမားများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ယင်းနောက် ရွှေဝယ်သီရိစားပွဲတင်တင်းနစ်အသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များနှင့် ပတ်သက်ပြီး ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
(သတင်းစဉ်)


