လယ်ဝေး ဇန်နဝါရီ ၂၈

 

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် နှင့် ဝန်ထမ်းများ၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးရာဇာ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် အေးချမ်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အေးချမ်းသာကျောင်း ဆရာတော် ထံ ပဋ္ဌာန်းကျမ်းစာအုပ်ငါးအုပ် နှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးက ကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ရေး၊ သီးထပ်စွမ်းအား မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများကို အောင်မြင်အောင်စိုက်ပျိုးရေး၊ စားအုန်းဆီ အစား ဒေသထွက် ဆီထွက်သီးနှံ များ ပန်းတိုင်အထွက်နှုန်း ပြည့်မီ စွာထွက်ရှိ၍ ဒေသတွင်း စားသုံး ဆီဖူလုံရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်အကူ အညီရယူဆောင်ရွက်သွားကြရန်၊ ပညာသင်ကြားရေးတွင် ကျောင်းနေ အရွယ်ကလေးများ ကျောင်းတက်နိုင်ရေး၊ အတန်းစဉ်အလိုက် စဉ်ဆက်မပြတ် ကူးပြောင်းတက်ရောက် သင်ကြားနိုင်ရေး အတွက် မိဘ၊ ဆရာများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ရန် မှာကြားဆွေးနွေးသည်။

 

ဆက်လက်၍ လယ်ဝေးမြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးရာဇာက ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း ရှင်းလင်း ဆွေးနွေးပြီး နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို အသိပညာပေးပြောကြားသည်။ ထို့နောက် အေးချမ်းသာမှ ဒေသခံပြည်သူများက လမ်း၊ လျှပ်စစ်မီး၊ ရေကာတာ လိုအပ်ချက်များ တင်ပြဆွေးနွေးရာ နေပြည်တော် ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးနှင့် ဖြူစင် စေတနာ ပရဟိတအသင်းမှ တာဝန်ရှိသူများက အေးချမ်းသာ ကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စုများအနက် မသန်စွမ်းနှင့် အမျိုးသမီးဦးဆောင် အိမ်ထောင်စု၊ မသန်စွမ်း အိမ်ထောင်စု၊ မိဘမဲ့အိမ်ထောင်စု ၄၅ စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်သုံးသိန်းတန်ဖိုးရှိ ဆန် တစ်အိတ်၊ ဆီ ၂၅ ကျပ်သား၊ ပဲ တစ်ပြည်၊ ဆားတစ်အိတ်နှင့် လူသုံးကုန်ပစ္စည်း ခြောက်မျိုးအား ပေးအပ်လှူဒါန်းသည်။ အဆိုပါ ဖြူစင်စေတနာ ပရဟိတအသင်း မှ လယ်ဝေးမြို့နယ်အတွင်းရှိ အေးချမ်းသာ၊ အောင်ချမ်းသာ၊ ကွမ်းခြံ၊ ရုံးပင်၊ ဟေမာန်၊ အောင်သုခ၊ ပေါင်းလောင်းကျေးရွာ များရှိ အိမ်ထောင်စု ၂၄၁ ဦးကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ပေါက်မြိုင် ကျေးရွာရှိ တောင်သူဦးဇော် မင်းထွန်း၏ ရေသွင်းပြောင်းစိုက်ခင်းကို ကြည့်ရှုလေ့လာကာ ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)