နေပြည်တော် ဇန်နဝါရီ ၂၉
စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) နဝမအကြိမ် စိုက်ပျိုးရေးဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ရွှေရောင်ခြည်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့၏ ပညာသင်ကာလတစ်လျှောက် စာတွေ့လက်တွေ့ လေ့လာသင်ယူခဲ့ကြသည့် စိုက်ပျိုးမွေးမြူရေးပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးချသွားကြရန်၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် မိမိကိုယ်ပိုင်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်သွားရန် ရည်ရွယ်ချက်ရှိပါကလည်း သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် တိုးတက်အောင်မြင်အောင်ကြိုးပမ်းပြီး နိုင်ငံတော်၏ စားရေရိက္ခာ ဖူလုံရေးနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ကြိုးပမ်း သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဌက ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) နှင့် (ရွှေဘို)ကျောင်းများတွင် ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပြီး ဧည့်သည်တော်များ၊ ကျောင်းဆင်း မောင်မယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်သည်။
ယင်းနောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆင်း မောင်မယ်များအား စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ ကျင်းပသည့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်သည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲများတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးမွေးမြူရေးပညာရှင် လူ့အရင်းအမြစ်တိုးပွားရေး လိုအပ်ချက်ကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ရန် အောက်မြန်မာပြည်တွင်လည်း စိုက်ပျိုး ရေးနှင့်မွေးမြူရေးတက္ကသိုလ် တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ထူးချွန်ထက်မြက်သည့် အနာ ဂါတ်မျိုးဆက်သစ်များအဖြစ် တစ်တပ်တစ်အား ပါဝင်စွမ်းဆောင်နိုင်ကြစေရေး အားထုတ်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(၁၅)ကျောင်းမှ နှစ်စဉ် နိုင်ငံတော်အတွက် လိုအပ်သော အလယ်အလတ်အဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များကို မွေးထုတ် ပေးလျက်ရှိရာ ယနေ့အထိ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရ (၂၆၄၁၄)ဦး နှင့် မွေးမြူရေး ဒီပလိုမာ လက်မှတ်ရ (၄၆၅) ဦး စုစုပေါင်း (၂၆၈၇၉)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


