နေပြည်တော်၊ ဇန်နဝါရီ ၃၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးရပ်၊ မြို့ပတ် (၁) လမ်းတွင် မင်းထက်အောင် (ခ) ဘေးနေဒစ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉၀ သိမ်းဆည်းရမိခဲ့ပြီး ညနေ ၅နာရီတွင် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ မယင်းငယ်ဖျားကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက် အရ ညနေ ၆ နာရီတွင် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တောင်ပုလဲကျေးရွာနေ နိုင်ရွှေမန်း (ခ) နောင်မန်းအား စိတ်ကြွရူးသွပ် ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ သူရဇော် (ခ) အောင်ရဲလင်းအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၃ နာရီတွင် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ရွှေဖူးမျှော်လမ်းရှိ ၎င်း၏နေအိမ်တွင် ဝေယံအောင် (ခ) သင်္ဘောသီးအား စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ နှင့်လည်းကောင်း၊ ညနေ ၄ နာရီတွင် သာကေတမြို့နယ်၊ (၂/တောင်) ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အောင်ကျော်ဆန်း (ခ) ဖြိုးကို ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ ပူးပေါင်းအဖွဲ့သည် နံနက် ၈ နာရီခွဲတွင် ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ရေယားကျေးရွာအနီးတွင် ထွန်းဇော်မြင့် (ခ) လူဇော် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၀ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ ဇော်လင်း (ခ) ငဇော် အား တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် (၅) ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်