နေပြည်တော် ဇန်နဝါရီ ၃၀
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ရွာသစ်ကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာချင်းဆက် ပေ (၁၅၀) သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သော “ရွာသစ် - အောင်မြင်ကုန်း ကွန်ကရစ်တံတား” သည် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာမှ အိမ်ခြေ (၁၆၇၉) အိမ်၊ လူဦးရေ (၇၃၅၇) ဦးတို့ကို အကျိုးပြုစေမည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးမြေဧက စုစုပေါင်း (၂၆၄၉) ဧကမှ ထွက်ရှိသော စပါး ၊နှမ်း၊ မြေပဲ၊ ပဲမျိုးစုံ ၊ကြံစသည့် သီးနှံထွက်ကုန်များကို ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသားများနှင့် တာဝန်ရှိသူများအနေဖြင့် တံတားရေရှည်တည်တံခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုလမ်း၊ တံတားလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တံတားဖွင့်ပွဲ အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး တံတားသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးကာ ကျေးရွာသူ ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဖွင့်ပွဲအပြီးတွင် လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာရှိ တို့မြန်မာအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ရှေ့ပြေးစီမံကိန်းအဖြစ် ၁ နှစ်လျှင် နွားအကောင်ရေ ၅၀၀၊ ၅ နှစ်လျှင် အကောင်ရေ ၂၀၀၀ အထိ လုပ်ငန်းတိုးချဲ့ဆောင်ရွက်သွားမည့် အသားတိုးနွား မွေးမြူရေးစီမံကိန်းအတွက် အဆောက်အဦးဆောက်လုပ်နေမှုကိုလည်းကောင်း၊ ရုံးတောကျေးရွာရှိ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသော ပန်းဂေါ်ဖီစိမ်း (၃) ဧက စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစု၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၌ အိန္ဒိယနေကြာ ဆူရာကီရန် (Suryakiran) မျိုး စိုက်ပျိုးထားမှုကို လည်းကောင်း၊ အသားတိုးနွားများမွေးမြူထားမှုကို လည်းကောင်း၊ နယူးဟုတ် အသားတိုးကြက်ကောင်ရေ (၄၀၀၀) မွေးမြူမည့် အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


