နေပြည်တော် ဇန်နဝါရီ ၃၀
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆပ်ကော်မတီဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဆက်စပ်ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယခုကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ လာရောက်ကြမည့် ယဉ်ကျေးမှုအဖွဲ့များ လေ့လာရေးခရီးစဉ်၊ လေ့ကျင့်မှုနှင့် ဧည့်သည်တော်များ အခမ်းအနားပို့ဆောင်မှုများတွင် သတ်မှတ်နေရာများသို့ သတ်မှတ်အချိန်အရောက် အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ စနစ်တကျပို့ဆောင်ပေးရန်လိုကြောင်း၊ ထို့ပြင် မော်တော်ယာဉ်များ၏ မီးဘေးအန္တရာယ်ကိုလည်း အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ သယ်ယူပို့ဆောင်ရေးယာဉ်များ ကြံ့ခိုင်မှုရှိစေရေး နေ့စဉ်စစ်ဆေးဆောင်ရွက်သွားကြရန်နှင့် ဧည့်သည်တော်များ၏ ဆက်သွယ်ရေးကိစ္စများ အဆင်ပြေမှုရှိစေရေးအတွက် SIM Card , ငွေဖြည့်ကတ်များရောင်းချခြင်းတို့အပြင် တည်းခိုဆောင်များ၌ အော်တိုတယ်လီဖုန်းနှင့် Wi-fi အသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဆက်စပ်ဆပ်ကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


