ဇန်နဝါရီ ၃၁
တိုကျိုမြို့တော်သို့ လွန်ခဲ့သောနှစ်ကဝင်ရောက်သောလူဦးရေသည် မြို့တော်မှပြောင်းရွှေ့သော လူဦးရေထက်ပိုမိုများပြားခဲ့ရာ လူဦးရေမြင့်တက်မှုသုံးနှစ်ဆက်တိုက်ရှိလာပြီဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရက ပြောကြားသည်။
ဂျပန်နိုင်ငံမြို့တော်အတွင်းသို့ အသားတင်လူဦးရေဝင်ရောက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၇၉၂၈၅ ဦးရှိလာရာ ပြီးခဲ့သောနှစ်က ၁၁၀၀၀ ထက် ပိုမိုများပြားခဲ့သည်။
အဆိုပါမြို့တော်အတွင်းရောက်ရှိလာသူ ၄၆၁၄၅၄ ဦးရှိရာ လွန်ခဲ့သောနှစ်က ၇၃၂၁ ဦးထက် ပိုမိုများပြားခဲ့သည်။
လူငယ်မျိုးဆက်သစ်များအကြား အသားတင်လူဦးရေတိုးလာမှုသိသာထင်ရှားလာကြောင်း၊ အသက် ၂၀မှ ၂၄ နှစ် အတွင်းအသက်အရွယ်ရှိသူများဝင်ရောက်သူဦးရေ ၆၄၀၇၀ ရှိပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြား အသက်အရွယ်ရှိသူ ၁၄၂၈၆ ဦးရှိကြောင်း သိရသည်။
မြို့တော်တိုကျိုအနီးဝန်းကျင်ကန်နာဂါဝါ၊ ဆာတာမာနှင့်ချီဘာစီရင်စုတို့အပါအဝင် အခြားစီရင်စုခြောက်ခုတို့တွင် အသားတင်လူဦးရေဝင်ရောက်မှုများရှိကြောင်း ဖော်ပြထားသည်။
အိုဆာကာ၊ ဖူကူအိုကာနှင့် ယာမာနာချီစီရင်စုများတွင်လည်း အသားတင်လူဦးရေဝင်ရောက်မှုများရှိသည်ဟု သိရသည်။ ဟီရိုရှီးမားစီရင်စုတွင် ပြောင်းရွှေ့သူ ၁၀၇၁၁ ဦးရှိရာ ပြောင်းရွှေ့သူဦးရေအများဆုံးဖြစ်ပြီး ၎င်းစီရင်စုပြီးလျှင် ရှီးဇူအိုကာ၊ ယိုဂိုနှင့် အီချီစီရင်စုတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို