နီဇော်သစ်
ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လှုံ့ဆော်တိုက်တွန်းနေကြသည့်တိုင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်ခြင်းမှာ လျော့ကျမသွားသည့်အပြင် တိုးလာသောကြောင့် ထိုအတိုင်း ဆက်တိုးသွားပါက ၂၁၀၀ ပြည့်နှစ်တွင် ပင်လယ်ရေ မျက်နှာပြင်သည် ၆ ဒသမ ၂ ပေခန့် မြင့်တက်လာမည်ဖြစ်၍ ကမ္ဘာ့မြို့ကြီးတော်တော်များများ ရေလွှမ်းမိုးသွားနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေး လိုက်သည်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို လေ့လာခဲ့သည့် စင်ကာပူနိုင်ငံ နန်းယန်နည်းပညာ တက္ကသိုလ်မှ သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဘင်ဂျမင် ဂရန်ဒီက “အမြင့်ဆုံး ခန့်မှန်းချက် ၆ ဒသမ ၂ ပေဆိုတာက တိုင်းပြည်ခေါင်းဆောင်တွေအနေနဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံပိုင်း ဆိုင်ရာတွေအတွက် စဉ်းစားဖို့ လိုအပ်လာပြီဆိုတာ ပြနေပါတယ်”ဟု ဆိုသည်။
ကမ္ဘာကြီးပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကိုလေ့လာရာတွင် အမြင်သာဆုံးမှာ ရေခဲတောင်ကြီးများ အရည်ပျော်ကျခြင်းဖြစ်ပြီး ယင်းအပြင် အခြားအချက်များစွာတို့ကိုလည်း ထည့်သွင်းစဉ်းစားရသည်။ ယခုအင်န်တီယူကလုပ်သည့် သုတေသနမှာ တော်တော်လေးခိုင်မာမှု ရှိကြောင်း သိပ္ပံပညာရှင်တို့က လက်ခံထားကြသည်။
“ပိုပြီးအရေးကြီးတာက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလျှော့ချပြီး ရာသီဥတုထိန်းသိမ်း ရေးကို အလေးထားကြဖို့ပါ”ဟု ဒေါက်တာဂရန်ဒီက ဆက်ပြောသည်။
ကမ္ဘာကြီးပူနွေးမှုသည် ပါရီသဘောတူညီချက် က သဘောတူထားသော စက်မှုတော်လှန်ရေးမတိုင်မီ ကထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်တွင်သာ ထိန်းထားရေး ရည်မှန်းချက်မှာ ပြီးခဲ့သည့်နှစ်က ကျော်လွန်သွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကလည်း သမ္မတအဖြစ် ကျမ်းကျိန်ပြီး မကြာမီ မှာပင် ပါရီသဘောတူညီချက်မှ ဒုတိယအကြိမ် နုတ်ထွက်ရန် သမ္မတအမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
Ref: Daily Mail