ဖေဖော်ဝါရီ ၅
ဆွီဒင်နိုင်ငံတောင်ပိုင်း သက်ကြီးပညာရေးစင်တာတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၁၀ ဦးခန့်သေဆုံးခဲ့သည်။ သံသယရှိသူ သေနတ်သမားသည် သေဆုံးသူများတွင်ပါဝင်ဖွယ်ရှိသည်ဟု ယူဆရသည်။
အဆိုပါပစ်ခတ်မှုသည် အိုရီဘရိုမြို့ရှိစာသင်ကျောင်းအတွင်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူများလည်း အများအပြားရှိသည်ဟု ၎င်းတို့ကဆိုသည်။
ထိုပညာရေးစင်တာသည် ရွှေ့ပြောင်းနေထိုင်သူများအတွက် သင်္ချာ၊ သိပ္ပံနှင့် အခြားကျောင်းသင်တန်းများအပြင် သက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ဆွီဒင်ဘာသာစကားသင်တန်းများကိုပါ ထောက်ပံ့ပေးထားသည်။
ရဲတပ်ဖွဲ့က သေဆုံးသူများမည်သူမည်ဝါဖြစ်သည်ကိုသိရှိရန်လုပ်ဆောင်လျက်ရှိပြီး ထိုအမှုကို လူသတ်မှုနှင့် တခြားပြစ်မှုများအဖြစ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းပြောကြားသည်။ သေနတ်သမားတစ်ဦးတည်း ပစ်ခတ်ခဲ့သည်ဟုယူဆကြောင်းနှင့်ယင်းသို့ပစ်ခတ်ရသည့်အကြောင်းရင်းကို မသိရသေးကြောင်း ၎င်းတို့က ပြောသည်။
ယင်းပစ်ခတ်မှုသည် ဆွီဒင်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးပစ်ခတ်မှုဖြစ်ပြီး အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးခဲ့ကြသည်ဟု ဝန်ကြီးချုပ် Ulf Kristersson က သတင်းထောက်များကို ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို