နေပြည်တော် ဖေဖော်ဝါရီ ၆

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူက၂၀၂၅ ခုနှစ်တွင် တင်သွင်းမည့် NDCs 2nd Update အစီရင်ခံစာ၌ ကဏ္ဍစုံပါဝင်စေရေးအတွက် ပို့ဆောင်ဆက်သွယ်ရေး၊ စွမ်းအင်၊ စက်မှု၊ စွန့်ပစ်ပစ္စည်း ကဏ္ဍတို့အပါအဝင် အခြားဆက်စပ်ကဏ္ဍများ ထပ်မံထည့်သွင်းရေးဆွဲသွားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် ရေးဆွဲချမှတ်ပြီးဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများကို သက်ဆိုင်ရာဌာနအသီးသီး၏ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ဟန်ချက်ညီညီပေါင်းစပ်ပြီး စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် မိမိတို့ဌာန၏ မူလရည်မှန်းချက်တာဝန်များနှင့် ပေါင်းစပ်ပြီး ရေတို၊ ရေရှည် လုပ်ငန်းများကို ဦးစားပေးအလိုက် သတ်မှတ်၍ အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေး အကြံပေးကြရန် တိုက်တွန်းပါကြောင်း မှာကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အမှာစကားပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး က လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်တိုးတက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် များကိုလည်းကောင်း၊ လုပ်ငန်းကော်မတီဝင်များက ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများက in person/ virtual ဖြင့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်