နေပြည်တော်၊ ဖေဖော်ဝါရီ ၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက် ည ၉ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၁ လမ်းတွင် တူးမိုင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာစိတ်ပြောင်း ဆေးဝါး Happy Water သုည ဒသမ ၀၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၁၁ နာရီတွင် အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် ကက်တမင်း ၂ ဒသမ ၅ ကီလို၊ Happy Water ၁ ဒသမ ၂၆ ကီလို၊ အက်တက်စီဆေးပြား ၄၅၀ ပြား၊ Happy Water အရည် သုည ဒသမ ၀၁၈ လီတာ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း။
ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၁ နာရီခွဲတွင် ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာအနီးရှိ ဦးချောက် ၏ နေအိမ်တဲကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၀၀ နှင့် ဘိန်းစိမ်း သုည ဒသမ ၀၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)