နေပြည်တော် ဖေဖော်ဝါရီ ၇
စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီး ဌာန ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်း၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူ များက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက “အဂတိပယ်ခွာ ပြည်သာယာ”ဆိုသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှုကင်းစင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာစေရန် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းက အဂတိကိုဖယ်ခွာပြီး မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်၊ မိမိဌာနဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ သယံဇာတကို ကိုင်တွယ်ဆောင်ရွက်နေရပြီး “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့” အဂတိကင်းရှင်းစွာဖြင့် ပြန်လည်ပေးအပ်သုံးစွဲနိုင်ရေး အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက နိုင်ငံ့ဝန်ထမ်း တိုင်း အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရေးနှင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိ လိုက်စားမှု၏ ဆိုးကျိုးများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းသည် စွမ်းအင်ဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) များနှင့်တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ် တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)