နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်းနှင့် နိုင်ငံသားများ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန် ထမ်းဆောင်ခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ စနစ်တကျလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ သို့သော်ကလေးသူငယ်များနှင့်ပတ်သက်၍ ပြည်ပမှ ဖိအားအမျိုးမျိုး ပေးလျက်ရှိသလို ပြည်သူ့စစ်မှုထမ်းခြင်းနှင့်ပတ်သက်၍လည်း ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက် လှုံ့ဆော်သူများက အမျိုးမျိုးသွေးထိုးလှုံ့ဆော်လျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များ၊ စုံစမ်း မေးမြန်းနိုင်သည့်ဌာနများ၊ မသမာမှုများနှင့်ပတ်သက်ပြီး တိကျစွာဆက်သွယ်သတင်းပေးပို့ နိုင်မှုများနှင့် မမှန်သတင်းများပေးပို့ခြင်း၊ တိုင်ကြားခြင်းများရှိပါက ဖော်ထုတ်ပြီး တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။ သတင်းပေးတိုင်ကြား မသမာမှုများနှင့်ပတ်သက်၍ အရေးယူခြင်းများကို ဆောင်ရွက် ခဲ့ပြီးဖြစ်သည်။ လတ်တလောတွင် နိုင်ငံသူ အမျိုးသမီးများနှင့် ပတ်သက်၍ လှုံ့ဆော်ခြိမ်းခြောက်မှုများရှိလာသည်။ ယင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွင် အမျိုးသမီးများစစ်မှုထမ်းရန် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ရေးအစီအစဉ်မရှိသေးကြောင်း တရားဝင်ပြောကြား ထားသည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များနှင့်ပတ်သက်၍ တပ်မတော်အတွင်း အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်သည်အဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုမှုမရှိစေရေး၊ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော သံသယဖြစ်ဖွယ်လူငယ်များကို လက်ခံမှု မရှိစေရေးနှင့် အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိသည့်စစ်သည်များကို မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးရေးကိစ္စများနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် CTFMR အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၅၉၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပေးခဲ့ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရနှင့် CTFMR တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းစီမံချက်ကို လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်မှုအရ ၂၀၁၂ ခုနှစ်မှ ယနေ့အထိ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ပူးပေါင်းပြီး မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ တပ်မတော် အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် ကော်မတီနှင့် CTFMR တို့ သဘောတူ ပြဋ္ဌာန်းချက်နှင့်အညီ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း အလေးထား စုဆောင်းလျက်ရှိသည်။
၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါနည်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ်မပြည့်သူများ မပါရှိစေရေးအတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အသီးသီးက စနစ်တကျ ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအသက်ဝင်ခဲ့သည့်နေ့မှ ယနေ့အချိန်အထိ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် (၁) မှ (၉) အထိ ဖွင့်လှစ်ခဲ့သည်။ သင်တန်းအမှတ်စဉ် (၁) မှ (၇) အထိ သင်တန်းများဆင်းခဲ့ပြီး သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့များတွင် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်လျက်ရှိသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
သို့ဖြစ်ရာ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ဂုဏ်ယူစွာဖြင့် ထမ်းဆောင်လျက်ရှိကြပြီး နိုင်ငံသားများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက်လည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း။
ကြေးမုံ