နေပြည်တော် ဖေဖော်ဝါရီ ၉
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာ လုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖိတ်ကြားရေး၊ နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်-
မေး။ ။(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဘယ်လိုတာဝန်တွေယူပြီး ဆောင်ရွက်နေတယ်ဆိုတာ သိရှိလိုပါတယ်။
ဖြေ။ ။(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲမှာ ကျွန်တော်က ဖိတ်ကြားရေး၊ နေရာချထားရေးနဲ့ ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ပါတယ်။ ပြီးတော့နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အရ ဆုချီးမြှင့်ခြင်း အခမ်းအနားမှာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဆုချီးမြှင့်ပေးအပ်နိုင်ဖို့ နည်းပညာ ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပြီးတော့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြခန်းအနေနဲ့ ပြခန်းအမှတ်(၆)နဲ့ ပြခန်းအမှတ်(၂၇) Digital Corner ပြခန်းတို့မှာ ဝင်ရောက်ပြသသွားမှာ ဖြစ်ပါတယ်။
မေး။ ။လာရောက်လေ့လာကြသူတွေ အဆင်ပြေအောင် ဘယ်လိုစီစဉ်ထားတယ်ဆိုတာကို သိပါရစေ။
ဖြေ။ ။ကျွန်တော်တို့ ဆပ်ကော်မတီက ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီရဲ့ ညွှန်ကြားချက်တွေနဲ့အညီ အချိန်နဲ့တစ်ပြေးညီ လုပ်ငန်းတာဝန်တွေကို ဆက်စပ်နေတဲ့ ဆပ်ကော်မတီတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တောင်ဘက်က တပေါင်းကွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်က စတင်ပြီး ကျင်းပမယ့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲကို လာရောက် လေ့လာကြသူတွေအတွက် ရေ၊ လျှပ်စစ်မီး၊ သန့်ရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းပေးထားပြီး သက်တောင့်သက်သာ အဆင်ပြေချောမွေ့မှု ရှိအောင် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံကျော် အဆိုတော်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့လည်း အပန်းဖြေနိုင်ဖို့ ထည့်သွင်းထားပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအနေနဲ့လည်း ပလတ်စတစ်သုံးစွဲမှု မရှိအောင် စီစဉ်ဆောင်ရွက်ထားပါတယ်။
“ပစ္စည်းချင်းတူရင် စျေးနှုန်းသက်သာရမည်၊ စျေးနှုန်းချင်းတူရင် အရည်အသွေး ပိုကောင်းရမည်” ဆိုတဲ့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုတို့က ဒေသထွက်ကုန်ကြမ်းတွေကနေ ထုတ်လုပ်ခင်းကျင်းရောင်းချထားတဲ့ MSME ထုတ်ကုန်တွေကို လာရောက်ကြတဲ့ပြည်သူတွေအနေနဲ့ ဒေသအသီးသီးကို တကူးတက သွားစရာမလိုဘဲ တစ်နေတည်းမှာ အမယ်စုံလင်စွာ ရွေးချယ်ဝယ်ယူအားပေးနိုင်တဲ့ အခွင့်အလမ်းကိုရရှိမှာ ဖြစ်ပါတယ်။
မေး။ ။ လုပ်ငန်းရှင်တွေအတွက် ဘယ်လိုအစီအစဉ်တွေ ရှိတယ်ဆိုတာလည်း သိပါရစေ။
ဖြေ။ ။ MSME လုပ်ငန်းရှင်တွေအနေနဲ့လည်း ပြခန်းတွေမှာ လေ့လာမှုအပေါ် အခြေခံပြီး ကိုယ့်ရဲ့ လုပ်ငန်းတွေ ဘယ်လိုတိုးတက်အောင် ဆောင်ရွက်ရမယ်ဆိုတာ သိမြင်လာမှာဖြစ်ပြီး ဒီလိုအပ်ချက်တွေကိုလည်း ဝန်ကြီးဌာနတွေကနေ သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းရှင်တွေ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို တစ်ထိုင်တည်းမှာ လက်တွေ့ကျကျ ဖြည့်ဆည်းဆောင် ရွက်ပေးမှာဖြစ်ပါတယ်။
နိုင်ငံတကာစျေးကွက်အထိ ထိုးဖောက်နိုင်ဖို့ စံအရည်အသွေး သတ်မှတ်ချက်တွေ ကိုက်ညီအောင် နည်းပညာပံ့ပိုးမှု၊ လုပ်ငန်းနဲ့ စီးပွားချိတ်ဆက်မှု၊ စီးပွားရေးသံမှူးတွေ၊ ပညာရှင်တွေထံကနေ အကြံဉာဏ်တွေ ဆွေးနွေးတောင်းခံနိုင်ဖို့ အစီအစဉ်တွေပါ ထည့်သွင်းထား ရှိပါတယ်။
ပြီးတော့ အခြားဒေသက လုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်တွေကိုလည်း အချင်းချင်း သိရှိလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ထုတ်ကုန်တွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ဖို့၊ စျေးကွက်ယှဉ်ပြိုင်မှုကို ပိုမိုမြှင့်တင်နိုင်ဖို့၊ ဒေသထွက်ကုန်ကြမ်းအပေါ် အခြေခံတဲ့ ထုတ်ကုန်အမယ်သစ်တွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ စွန့်ဉီးတီထွင်လုပ်ငန်းဆိုင်ရာ အမြင်သစ်တွေလည်း ရရှိလာမှာဖြစ်ပါတယ်။ တခြားဒေသက မိတ်ဆွေသစ်တွေ ပိုမိုတိုးပွားရရှိကြမယ်။ MSME ကွန်ရက်ချိတ်ဆက်မှုတွေ ပိုမိုအားကောင်း ခိုင်မာလာမယ်။ ဒါကြောင့် MSME လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းတွေ လက်ရှိအခြေအနေထက် ပိုတိုးတက်အောင်မြင်စေဖို့ ဒီပြပွဲ ပြိုင်ပွဲပြီးတာနဲ့ သေချာပေါက် ဆက်လက်ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။
မေး။ ။ပြည်သူတွေ သိရှိစေဖို့ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။
ဖြေ။ ။ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲကို လာရောက်လေ့လာကြသူ တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကို မလွဲဧကန်ရရှိမှာ ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ MSME လုပ်ငန်းရှင်တွေ အားလုံးကို လာရောက်လေ့လာကြည့်ရှုကြပါလို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားလိုပါတယ်။
တွေ့ဆုံမေးမြန်း-ဝင်းဝင်းမင်း
ဓာတ်ပုံ-ဖိုးပြည့်စုံ