အစ္စတန်ဘူလ် ဖေဖော်ဝါရီ ၁၀

 

ပါလက်စတိုင်းများကို ၎င်းတို့၏မွေးရပ်မြေမှ ဖယ်ရှားပိုင်ခွင့်ဩဇာ မည်သူ့မှာမျှမရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားလိုက်သည်။  ဂါဇာဒေသခံများကို ၎င်းတို့၏ မူလဇာတိမြေကနေ နှင်ထုတ်ပိုင်ခွင့်ဩဇာ မည်သူ့မှာမျှမရှိကြောင်း၊ ဂါဇာကမ်းမြောင်၊ အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်ဒေသအားလုံးမှာ ပါလက်စတိုင်း လူမျိုးများ ပိုင်ဆိုင်သောဒေသများဖြစ်ကြောင်း သုံးနိုင်ငံအာရှခရီးစဉ်မထွက်ခွာမီ အတာတက်ခ်လေဆိပ်၌ အာဒိုဂန်က ပြောသည်။

 

အစ္စရေးနှင့် ဟားမားစ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ရရှိနေသော်လည်း အစ္စရေးအစိုးရတွင် ပိုမိုဆိုးရွားပြီး လူသားမဆန်သည့် အစီအစဉ်များရှိနေသည်ကို တွေ့မြင်ရသည်ဟု ၎င်းက ဆက်ပြောသည်။

 

ဖေဖော်ဝါရီ ၄ ရက်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု နှင့် ဝါရှင်တန်တွင်ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းများကို အိမ်နီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့ကာ ဂါဇာကမ်းမြောင်ကိုထိန်းချုပ်ရန် အစီအစဉ်ရှိကြောင်း ပြောကြားထားသည်။

 

ဆင်ဟွာ