မန္တလေး ဖေဖော်ဝါရီ ၁၁

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ရွာခိုင်ကြီးကျေးရွာ၊ မသဲကျေးရွာ၊ စမြှောင်ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျောက်ဖရုံသီးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရသည်။

 

ကျောက်ဖရုံသီးကို ပေါင်ခတ်၍ မြေအောက်ရေတင်စနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ မျှားနီ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုးများရှိပြီး မျှားနီ(ထိုင်ဝမ်)မျိုးကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ ကျောက်ဖရုံသီးကို သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၄-၅ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၅၀၀၀၀၀-၅၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ကျောက်ဖရုံသီး အလုံးရေ ၁၅၀၀-၁၆၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဖရုံသီးများကို ပွဲစားများက စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး ရန်ကုန်မြို့နှင့် မိတ္ထီလာမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကျောက်ဖရုံသီးစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း