နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင်နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းအနီး ရင်ပြင်ကျယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် သနပ်ခါးများလိမ်းခြယ်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအဖွဲ့၊ စစ်ဆေးရေးဦးစီးဌာန၊ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် စီမံရေးရာ ဦးစီးဌာန စသည့် ပြိုင်ပွဲဝင်အသင်း (၄) သင်း၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်နေမှုကို လိုက်လံကြည်ရှု့အားပေးကြသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ဝန်ထမ်း မိသားစုများ စုပေါင်းထမင်းနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ဂုဏ်ပြုဆုငွေနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
(သတင်းစဉ်)