နေပြည်တော် ဖေဖော်ဝါရီ ၁၁
မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ လိုစိတ်များရှိစေရန် ရည်ရွယ်ချက်များဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစု စုပေါင်းထမနဲ ထိုးပြိုင်ပွဲကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းမိသားစု စုပေါင်းထမနဲ ထိုးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို ဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)