နေပြည်တော်    ဖေဖော်ဝါရီ   ၁၁

 

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့တွင်  နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာ နိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ (၁၃)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာနှင့် ပတ်သက်သည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင် အစည်းအဝေးတက်ရောက်ပြီး ရလဒ်ကောင်းတစ်ခု အနေဖြင့် မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည့် အစီအမံ(Action Plan)အချက်များ အနက် တိုးမြှင့်ရရှိခဲ့သည့် အချက်များ၊ ကျန်ရှိနေသည့် အချက်များနှင့် FATF ၏ မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးမည့်အချက်များကို ကြိုတင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက်တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ဝင်များက FATF ၏ Recommendation အရ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သွားမည့် အချက်များ၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများမှ Financial Investigation များကိုပါ Parallel ဆောင်ရွက်ခြင်းဖြင့် Proceed of Crime များကို ပိုမိုပူးပေါင်းဖော်ထုတ်သွားမည့် လုပ်ငန်းစဉ်များ၊ ဌာနအလိုက် ရယူလိုသည့် နည်းပညာအကူအညီများနှင့် ယခုလအတွင်း ပြုလုပ်မည့် FATF ၏ မျက်နှာစုံညီ အစည်းအဝေးတွင်  ဆွေးနွေးပြောကြားမည့်အချက်များကို ကြိုတင်ညှိနှိုင်းဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်း သိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်း အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)