နေပြည်တော် ဖေဖော်ဝါရီ ၁၁
ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းမှစ၍ ရန်ကုန်-နေပြည်တော် လမ်းပိုင်းကို DEMU ရထားဖြင့်လည်းကောင်း၊ နေပြည်တော်-မန္တလေးလမ်းပိုင်းကို လေအိတ်အမြန်ရထား ဖြင့်လည်းကောင်း ရထားခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ရာ ရထားခရီးစဉ်များ အဆင်ပြေချောမွေ့စွာ ပြေးဆွဲနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ မီးရထားလမ်းပိုင်းများ ကွင်းဆင်း စစ်ဆေးသည်။
တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (အထက် မြန်မာပြည်) ဦးစိုင်းသော်လင်း၊ သက်ဆိုင်ရာတိုင်းတာဝန်ခံ၊ တိုင်းအရာ ရှိများနှင့်အတူ မန္တလေးဘူတာကြီးမှ RBE ရထားဖြင့် တိုင်းဒေသကြီးအတွင်း ပါဝင်သည့်ရထားလမ်းပိုင်းများ ကြံ့ခိုင်မှုရှိရေးနှင့် တရားမဝင် လမ်းကူးများကို ကွင်းဆင်းစစ်ဆေးရာ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက နယ်မြေအလိုက် ရထားလမ်းပိုင်း အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ ရထားလမ်းပိုင်းတွင် တရားဝင်လမ်းကူး (၅၂)ခုနှင့် တရားမဝင်လမ်းကူး (၉၇)ခုရှိရာ အဆိုပါ တရားမဝင်လမ်းကူးများကို ပိတ်သိမ်းနိုင်ရေးနှင့် တရားမဝင်လမ်းကူး ဖောက်လုပ်မှုများမရှိစေရေး ပြည်သူများအား အသိပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)