နေပြည်တော် ဖေဖော်ဝါရီ ၁၁
ရေဘေးကာကွယ်ရေးတာများ၏ အရေးပါပုံနှင့် စီမံခန့်ခွဲမှု (Flood Protection of Embankments) ခေါင်းစဉ်ဖြင့် (၄၂)ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူ များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ရေဘေးကာကွယ်ရေး တာများ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ထိန်းသိမ်းစီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လယ်ယာကဏ္ဍနှင့် ငါး၊ ပုဇွန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများအပေါ် အကျိုးပြုနိုင်မှုနှင့် အရေးပါမှု၊ ရေဘေးကာကွယ်ရေးတာများ ဘေးကင်းလုံခြုံပြီး ရေရှည်အကျိုးပြုနိုင်စေရေးအတွက် ဌာနနှင့် အတူ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ရေကြီးနစ်မြုပ်မှုဖြစ်စဉ် များကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်မှုလျော့နည်းစေရန် ကြိုတင်ကာကွယ်ဆောင်ရွက်ခဲ့မှုနှင့် ကုစား ဆောင်ရွက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာပညာရှင်များက ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)