နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

 

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်း၌ ကျင်းပသည်။

 

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်တေး သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ထို့နောက်  မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များ ပညာရည်မြင့်မားရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး စသည့် လူငယ်ကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးတည်ချက်များချမှတ်ပြီး လက်တွေ့ ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုး စေရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များချမှတ်ပြီး သက်မွေးပညာပေးသင်တန်းများ၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်လေ့လာရေးအစီအစဉ်များ စသည့်တို့ အပြင် မသန်စွမ်းလူငယ်များ အပါအဝင်လူငယ်များအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်စရိတ်ထောက်ပံ့ပေး ခြင်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့သားကောင်း လူငယ်များ ဖြစ်လာ စေရေးအတွက် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်ပြီး နေပြည်တော်လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားပြီး စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့်က "နေရာအလိုက်တန်ဖိုး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အကြည်စန်းထံသို့ အားကစား ပစ္စည်းများနှင့် စာအုပ်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက စာရေးဆရာ ရေနံ့သာ မောင်ကျော်ညွန့်အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း ပေးအပ်ကြသည်။

 

ဆက်လက်ပြီး ကျောင်းသားလူငယ်များအား လူငယ်ရေးရာ ဉာဏ်စမ်းပဟေဠိမေးခွန်း မေးမြန်းဖြေကြားသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပြီး ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)