နေပြည်တော် ဖေဖော်ဝါရီ ၁၁
ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ကျင်းပမည့် ဥပဒေရေးရာ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တရုတ်-အာဆီယံ သုတေသ နစင်တာမှ သုတေသနမှူး Dr. Zhong Jia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် Providing Legal Service for Justice ဟူသည့်တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာ(၂၀၁၉-၂၀၂၄)အရ ဥပဒေအသိပညာ ပြန့်ပွားရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ဖြစ်ရာ ဥပဒေဝန်ဆောင်မှုပုံစံတစ်မျိုးဖြင့် ဆောင်ရွက်လျက် ရှိသော ဥပဒေသုတေသနလုပ်ငန်းများသည်လည်း အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဥပဒေသုတေသန လုပ်ငန်းများသည် ဥပဒေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မှန်ကန်သောဥပဒေဝန်ဆောင်မှုပေးနိုင်ရေး၊ ဥပဒေအကြံ ဉာဏ်များ ပေးနိုင်ရေးတို့အတွက် အရေးကြီးသောလုပ်ငန်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသန စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ပါက နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာ တို့အကြား နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းအားဖြင့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာတို့အကြား လက်မှတ်ရေးထိုးခဲ့သော ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြု ရေးသုတေသနစီမံကိန်းဆိုင်ရာနားလည်မှုစာချွန်လွှာကို အကောင် အထည်ဖော်ဆောင်ရွက်နိုင် မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုမြှင့်တင်နိုင်မည့် အကျိုးကျေးဇူးရရှိ နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် တရားဥပဒေစိုးမိုးရေးနယ်ပယ်နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် သုတေသန ခေါင်းစဉ် များကို ရွေးချယ်သတ်မှတ်နိုင်ရန် ဆွေးနွေးခြင်း၊ သုတေသနလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စများ၊ ဥပဒေပြုခြင်း ဆိုင်ရာလုပ်ငန်းစဉ်များကို အပြန်အလှန်ဖလှယ်ခြင်း၊ အီလက်ထရောနစ်နည်းလမ်းဖြင့် လိမ်လည်သည့်အမှုများ၊ လောင်းကစားမှုများ၊ မူးယစ်ဆေးဝါးနှင့် အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သုတေသနပြုလုပ်နိုင်ရေးအတွက် တရုတ်-မြန်မာ ဥပဒေရေးရာသုတေသနစင်တာ တည်ထောင်ခြင်း ဆိုင်ရာကိစ္စများ၊ တရုတ် -မြန်မာကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း ဆိုင်ရာစင်တာတည်ထောင် ခြင်း၊ ၂၀၂၅ ခုနှစ်တွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက Southwest University of Political Science and Law(SWUL) တက္ကသိုလ်သို့ ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ်လာရောက်၍ ပညာရပ်များသင်ကြားပို့ချနိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)