နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေး အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသည် ဌာနများအလိုက် စုပေါင်းညီညာ အောင်ကြောင်းဖြာ သရုပ်ကိုဖော်ဆောင်သော ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာယှဉ်ပြိုင်သွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝန်ကြီးဌာနမှ ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာအတိုင်း သတ်မှတ်ပြိုင်ပွဲစည်းမျဉ်းများနှင့်အညီ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြပြီး ဆုရွေးချယ်ရေးဆပ်ကော်မတီ အဖွဲ့ဝင်များက အကဲဖြတ်အမှတ်ပေး ခြင်းများ ဆောင်ရွက်ကြကာ ဆုရရှိသည့် အသင်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများ ချီးမြှင့်ကြကြောင်း သိရသည်။
(သတင်းစဉ်)