မြိတ် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက်(၅)နာရီခွဲတွင်ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များက အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား မြိတ်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြု ခဲ့ကြသည်။
သဝဏ်လွှာဖတ်ပွဲကို နံနက်(၇)နာရီတွင် ဆက်လက်ကျင်းပရာ နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီး များအား ဦးညွှတ်အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသူ များအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ခိုင်ထူး ( ပြန်/ဆက်)