နေပြည်တော် ဖေဖော်ဝါရီ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲနှင့် မြေအသုံးချရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သီးနှံများ အရည်အသွေးကောင်းမွန်ရေး ၊ စားသုံးသူ ဘေးကင်းလုံခြုံရေး အပါအဝင် သီးနှံများ စတင်စိုက်ပျိုးသည်မှ စားသုံးသူလက်ဝယ် ရောက်သည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် GAP စံနှုန်းများနှင့်အညီ ဆောင်ရွက်မှုဖွံ့ဖြိုး လာရေးကြိုးပမ်းကြရန်လိုကြောင်း၊ စပါး၊ ပဲတီစိမ်း ၊ ပဲစင်းငုံ၊ မတ်ပဲ နှင့် ဝါသီးနှံများ အပြင် ပြည်ပသို့တင်ပို့ ရောင်းချနေသော သီးနှံများအားလုံး GAP ကျင့်စဉ်နှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း ၊ အလားတူ သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ နည်းပညာဖြန့်ဖြူးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပန်းတိုင်အထွက်နှုန်း မထိခိုက်စေရေးနှင့် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ သီးနှံလေလွင့်ဆုံးရှုံးမှု နည်းပါးစေရေး၊ ပိုးသတ်ဆေးနှင့် ဓာတုဆေးဝါးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို မပျက်စီးစေရန် ခေတ်မီသီးနှံ ကာကွယ်ရေးနည်းစနစ်များကို တောင်သူများလက်ဝယ် အရောက် အသိပညာပေးလုပ်ငန်းများ တိုးမြှင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
 
ဆက်လက်၍ သီးနှံကာကွယ်ရေးဌာန တာဝန်ရှိသူက ဌာန၏ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြေအသုံးချရေးဌာနခွဲသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရေနှင့်ပတ်သက်သည့်သုတေသန၊ မြေဆီလွှာနှင့်ပတ်သက်သည့်သုတေသနများ ဆောင်ရွက်ရန်၊ အာဟာရတစ်မျိုးချင်းအလိုက်၊ သီးနှံ တစ်မျိုးချင်းအလိုက် မြေတွင်း မြေလွှာနှင့် မြေတွင်း ရေလွှာ အာဟာရဓာတ်စုတ်ယူမှု၊ မြေတွင်းရေပမဏ ဆက်စပ်မှုများကိုလေ့လာရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်