ရန်ကုန် ဖေဖော်ဝါရီ၁၂

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ သြဝါဒပါတိမောက်အခါတော်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းမှ စတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ  ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံး ဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရား ရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ် ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း၊ အမျှဝေ၊ သာခုခေါ်ဆိုခြင်း၊ နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ပြုလုပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဂေါပက အဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ထမနဲဆွမ်းတော်ကြီလောင်းလှူပွဲကိုကျင်းပရာ  ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော် ၄၆ ပါးတို့အား ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ထမနဲဆွမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူကြသည်။

ဆက်လက်၍ အနုမောဒနာရေစက်ချပွဲ အခမ်းအနားကို စေတီတော်ရင်ပြင်မြောက်ဘက်မုခ်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ‌ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ သ•စ•အ ဓမ္မာစရိယပါဠိပါရဂူ၊ တိပိဋက ဓရတိပိဋက ကောဝိဒရွေးချယ်ရေး အဖွဲ့သြဝါဒါစရိယ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်)ထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးလှမြင့်က ဇယမင်္ဂလာအနု မောဒနာစာတမ်းလွှာကို လျှောက်ထားသည်။

ယင်းနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ရွတ်ပွား သရဇ္ဇျာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူပြီးဂေါပကအဖွဲ့၀င်များနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သ.စ.အ ဓမ္မာစရိယ ဝဋံသကာပါဠိပါရဂူ  စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ ဆရာတော်) ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အလားတူ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍ တပို့တွဲလပြည့်နေ့ သြဝါဒပါတိမောက် အခါတော်နေ့အခမ်းအနားကို ဂေါပကအဖွဲ့ရုံး အာဂုံခံတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကိုကိုဇော် (MNA)