ရန်ကုန် ဖေဖော်ဝါရီ ၁၂

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးစိုးသိန်း ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်ဒေါ်စန္ဒာသွယ်၊  တိုင်းဒေသကြီး ၀န်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊တိုင်းရင်း သား၊တိုင်းရင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းသည် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပသည့်နေရာသို့ ရောက်ရှိပြီးဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူ၍  ဂုဏ်ပြုတပ်ဖွဲ့၊ တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက်(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်းများနှင့် ဂီတပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။ 
  
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ်ပြသထားသည့်ရန် ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်းများအတွင်း လှည့်လည်ကြည်ရှု့ အားပေးကြသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်း ၅၉ ခန်းနှင့် လာရောက်လည်ပတ်ကြသူများ စားရေးသောက်ရေး အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေး စားသောက်ဆိုင်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ၊  MSME အရောင်း ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်း ၁၆၀ ကျော် တို့ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်အထိ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်သည်။ 

ထို့ပြင် ပွဲတော်သို့ လာရောက်ကြသူများ အဆင်ပြေ ချောမွေ့စေရန်အတွက် YBS မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးထားသဖြင့် လာရောက်လည်ပတ်သူများ စိတ်ချမ်းမြေ့စွာဖြင့် အထူးစည်ကားစွာ လည်ပတ်လျက်ရှိကြောင်း သိရသည်။

ဇော်မင်းလတ် -MNA