(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ တတိယနေ့ဆက်လက်ကျင်းပ စိတ်အေးချမ်းသာစွာဖြင့် တစ်ခဲနက်ပါဝင်နွှဲပျော်ကြသည့် ကျောင်းသား၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊MSME လုပ်ငန်းရှင်များ နှင့်ပြည်သူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည် တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း ၌ ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်း သူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ MSME လုပ်ငန်းရှင်များ၊ ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကား များပြားခဲ့သည်။ 

ယနေ့သည် ပွဲတော်၏ တတိယနေ့သို့ ရောက်ရှိလာခဲ့သည့်အပြင် ပြည်ထောင် စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် စည်းလုံးညီညွတ်မှု အနှစ်သာရများစွာဖြင့် ပြည့်စုံလှသည့် ပြည်ထောင်စုနေ့ အခါသမယ နှင့် အများပြည်သူရုံးပိတ်ရက် ဖြစ်သည့်အတွက် ယခင်ရက်များနှင့်မတူ ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျင်းပသည့် ပွဲတော်ကြီးသို့ အနယ်နယ် အရပ်ရပ်မှ ပြည်သူများ တဖွဲဖွဲလာရောက်လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများကလည်း မိဘပြည်သူများ အန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာ ဆင်နွှဲနိုင်ရန်အတွက် ပွဲတော်ဝင်ပေါက်နေရာများတွင် လုံခြုံရေးအရစစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးကြသည်။ 

ယနေ့ပြပွဲ၏ ထူးခြားမှုအနေဖြင့် ပွဲတော်အတွင်း ပြသထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ရိုးရာအစားအသောက်များ၊ အထင်ကရနေရာပြခန်း၊ ပြကွက်များကို အသိပညာဗဟုသုတ ရရှိစေရန် လာရောက်လေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများအပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း (MSME ) များ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၊ တစ်နိုင်တစ်ပိုင်MSME လုပ်ငန်းများ စတင်လုပ်ဆောင်ကြမည့် လုပ်ငန်းရှင်များ စိတ်ဝင်စားစွာဖြင့် လာရောက် လေ့လာခဲ့ကြသည်ကို တွေ့မြင်ရသည်။

အဆိုပါ လုပ်ငန်းရှင်များအား ပြခန်းအလိုက် တာဝန်ရှိသူများက MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာများ  မျှဝေပေးခြင်း၊ ပြည်တွင်း/ပြည်ပဈေးကွက်များသို့ မိမိတို့ လုပ်ကိုင်နေသည့်လုပ်ငန်းများအလိုက် လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန် ၊ လုပ်ငန်းများအလိုက် ကြုံတွေ့ရမည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နည်းများကို အသိပညာပေး ဆွေးနွေးမျှဝေပေးကြရာ MSME လုပ်ငန်းရှင်များအတွက် ဆန်းသစ်သော ပြည်တွင်း၊ ပြည်ပပို့ ထုတ်ကုန်များ ထုတ်လုပ်လာနိုင်မည့်အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာနိုင်တော့မည်လည်းဖြစ် သည်။

အလားတူ နိုင်ငံတော်တွင် လိုအပ်နေသည့် MSME ကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ပေးနိုင်ရန်နှင့် ကျေးလက်နေ လူငယ်များ စက်မှုနှင့်သက်မွေးပညာကို အခြေခံသင်ကြားတတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေသည့် အချိန်တွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ စက်မှုနှင့်သက်မွေးပညာ ရွေ့လျား သင်တန်း ကျောင်း ပြခန်းဖွင့်လှစ်ပြသပေးလျက်ရှိရာ စက်မှုနှင့်သက်မွေးပညာရပ်ကို စိတ်ဝင်စားကြသည့် လူငယ်များစွာ လာရောက်လေ့လာကြပြီး တာဝန်ရှိသူများက သင်တန်းကျောင်းတွင် သင်ကြားပေးလျက်ရှိသည့် အခြေခံလျှပ်စစ်ပညာသင်တန်း၊ အခြေခံစက်ပြင် သင်တန်း၊ အခြေခံဂဟေဆက်သင်တန်းနှင့် အခြေခံမော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းအကြောင်းအရာများကို အသေးစိတ် ရှင်းလင်းပြောကြားပေးခဲ့ကြသည်။ 

ထို့ပြင် ပွဲတော်သို့ လာရောက်ကြသည့် ပြည်သူများကို သက်ဆိုင်ရာတိုင်းရင်းသား ရိုးရာပြခန်းများ အလိုက် ခင်းကျင်းပြသရောင်းချပေးနေကြသည့် တိုင်းရင်းသားအဖွဲ့များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရ ဗဟုသုတများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အထင်ကရနေရာများ၊ ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များနှင့် ဒေသအလိုက် ရိုးရာအစား အစာများ၊ MSME ထုတ်ကုန်များအကြောင်းကို နွေးထွေးပျူငှာစွာ ရှင်းလင်းပြသပေးကြ ရာ ကျောင်းသား၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြပြီး တိုင်းရင်းသားအဖွဲ့များဖြင့် ဂုဏ်ယူစွာ အမှတ်တရဓာတ်ပုံရိုက် ကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ ပြခန်းများ၌လည်း အထူးပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်းသားရိုရာ ယဉ်ကျေးမှုအဖွဲ့များက သက်ဆိုင်ရာရိုးရာ ယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ပေါ်လွင်စေသည့်သီချင်းများနှင့် မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို တက်ကြွစေမည့်သီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြရာ ပွဲတော်လာပြည်သူများ ကလည်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပျော်ရွှင်စွာ သီဆိုကခုန်ပါဝင် ဆင်နွှဲကြသည့် မြင်ကွင်းသည်လည်း တောင်ပေါ်မြေပြန့်မခွဲခြားဘဲ စည်းလုံးသည့် သွေးချင်းညီအကို စိတ်ထားကို အထူးပေါ်လွင်စေခဲ့သည်။ 

အလားတူ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ထွက်ရှိသည့် MSME ထုတ်ကုန်များနှင့် တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများကို ပြည်သူများစိတ်ကြိုက်ဝယ်ယူနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ချစ်ခင်နှစ်သက်မြတ်နိုးစွာဖြင့် ဝယ်ယူကြသည့်အပြင် သန့်ရှင်းလတ်ဆက်စွာဖြင့် ရောင်းချပေးလျက်ရှိသည့် တိုင်းရင်းသားရိုးရာ အစားအသောက်များကိုလည်း နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြသည့်အတွက် ပစ္စည်းများ ပြတ်လပ်သည်အထိ  ရောင်းချခဲ့ရကြောင်း သိရသည်။ 

ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများ၊ မျိုးချစ်စိတ်နှင့်ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများ ဖြင့်လည်း ကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တိုင်းရင်းသားရိုးရာယိမ်း အဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများပေါင်းစပ်၍ လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများပျော်ရွှင်စွာဖြင့် တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။ 

ထို့ပြင် ရောင်းချပွဲသို့ လာရောက်လေ့လာကြည့်ရှုဝယ်ယူကြသည့် အများပြည်သူများ အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန်အတွက် တာဝန်ရှိသူများက စနစ်တကျ လုံခြုံရေ စစ်ဆေးဆောင်ရွက်ပေးခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကလည်း ယာဉ်အန္တ ရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် ပွဲတော်သို့လာသည့်လမ်းများ၌ ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့်  ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ထားရှိ သည်ကိုလည်း တွေ့ရှိရသည်။ 

အဆိုပါ ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချသည့် ဆိုင်ခန်းများ၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့်ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပြသရောင်းချပေးလျက်ရှိရာ မိဘပြည်သူများ လာရောက်အားပေးလေ့လာ ဝယ်ယူနိုင်ကြောင်း သိရသည်။ 

သတင်း- အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - ဖိုးပြည့်စုံ