ဖေဖော်ဝါရီ ၁၃
တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းရေပြင်တွင် ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားသဖြင့် ခြောက်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ပြောကြားသည်။
ဆိုးလ်မြို့တော်၏အနောက်တောင်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာ ဘူအန်ကောင်တီရေပြင်တွင် ယနေ့မနက် ဒေသစံတော်ချိန် ၈ နာရီ ၃၉ မိနစ်ဝန်းကျင်က ၃၄ တန်ရှိငါးဖမ်းသင်္ဘော မီးလောင်မှုဖြစ်ပွားကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ထံသို့ သတင်းပေးပို့ခဲ့သည်ဟု သိရသည်။
အဆိုပါသင်္ဘောပေါ်တွင် ၁၁ ဦးပါရှိသည့်အနက် ငါးဦးကိုကယ်ဆယ်နိုင်ခဲ့သော်လည်း အခြားခြောက်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကမ်းခြေစောင့်တပ်ဖွဲ့က ကင်းလှည့်ရေယာဉ် ၁၀ စီးကို ဖြန့်ချထားပြီး အနီးအနားရှိသင်္ဘောများထံ အကူအညီတောင်းခံထားကြောင်းနှင့် ရှာဖွေလုပ်ငန်းများလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို