နေပြည်တော် ဖေဖော်ဝါရီ ၁၃
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ ၂၀၂၅ ခုနှစ် မတ်လမတိုင်မီ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့် ပတ်သက်၍ ပညာပေးအစီအစဉ်များကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဖေဖော်ဝါရီလတစ်လလုံး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ပြတိုက်များနှင့် စာကြည့်တိုက်များတွင် ဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းများမှ ကျောင်းသား ကျောင်းသူများကို အမျိုးသားပြတိုက် (နေပြည်တော်) သို့ ဖိတ်ခေါ်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ဆိုင်ရာများကို ပညာပေးဆောင်ရွက်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ကျောင်းသား ကျောင်းသူများကို မြန်မာ့သနပ်ခါးဓလေ့၏ သမိုင်းကြောင်း၊ သနပ်ခါး၏ အသုံးဝင်ပုံနှင့် အသုံးပြုပုံအကြောင်း၊ သနပ်ခါးသည် မြန်မာတို့၏ နေ့စဉ်ဘဝအတွက် အရေးပါကြောင်းနှင့် မြန်မာ့သနပ်ခါးသည် ကမ္ဘာတွင် ထူးခြားသည့် ဓလေ့တစ်ခုဖြစ်ကြောင်းတို့ကို ပညာပေးဟောပြောပြီး ကျောင်းသား ကျောင်းသူများက ကိုယ်တိုင်သနပ်ခါးသွေး၍ တစ်ဦးနှင့် တစ်ဦး ပျော်ရွှင်စွာ လိမ်းခြယ်ခဲ့ကြသည်။ 
အမျိုးသားပြတိုက် (နေပြည်တော်) တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်အဖြစ် မြန်မာ့သနပ်ခါးဆိုင်ရာ ရှင်းလင်းချက်စာသားများ၊ ဗီဒီယိုမှတ်တမ်းများပြသခြင်း၊ သနပ်ခါးဆိုင်ရာ ကဗျာများကို ကျောင်းသား ကျောင်းသူများက ရွတ်ဆိုသရုပ်ပြခြင်း၊ သနပ်ခါးကို လက်တွေ့သွေး၍ ကိုယ်တိုင်လိမ်းခြယ်စေခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်