ရန်ကုန်  ဖေဖော်ဝါရီ ၁၃ 
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ သင်တန်းကျောင်းတာဝန်ခံများက သင်တန်းများအလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့် ပက်သက်၍  ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများရရှိနိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရေးတို့အတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) များ၏ အချက်အလက်များ လုံခြုံမှုရှိအောင် ထိန်းသိမ်းကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အထည်ချုပ်အခြေခံသင်တန်း ဖွင့်လှစ်ပို့ချနေမှု ၊ EPS အစီအစဉ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲဖြေဆိုနေမှု၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများအတွက် လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်လှစ်ပို့ချဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး စည်းကမ်းနှင့်အညီ နေထိုင်၍ မိမိ၏လုံခြုံရေးကို ဂရုစိုက်ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ရောက်ရှိအလုပ်လုပ်ကိုင်ကြမည့် နိုင်ငံ၏စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို လေးစားလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အခက်အခဲကြုံတွေ့လာပါက သက်ဆိုင်ရာမြန်မာသံရုံးသို့ အကူအညီတောင်းခံကြရန် မှာကြားပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC)  ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီး အလုပ်သမားများထံသို့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်