နေပြည်တော် ဖေဖော်ဝါရီ ၁၃
အာဆီယံဒေသတွင်း မူဝါဒအညွှန်းကိန်းများအရ အကောင်အထည်ဖော်ခြင်းဖြင့် ပြည်တွင်း MSME ထုတ်ကုန်များ၏ ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပလျက်ရှိသည့် ဥပါတ္တသန္တိစေတီအနီးရှိ တပေါင်းကွင်း၊ ယာယီကွပ်ကဲရေးရုံး၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းထွဋ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် MSME Agency ဥက္ကဋ္ဌများ၊ ဆက်စပ်ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသတွင်း မူဝါဒအညွှန်းကိန်းသည် မိမိတို့နိုင်ငံ၏ MSME ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မူဝါဒများကို ပုံဖော်ရန်အတွက် အရေးကြီးသော မူဝါဒမူဘောင်ကိရိယာတစ်ခု (Tool) ဖြစ်ကြောင်း၊ မူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်သူများအနေဖြင့် MSME လုပ်ငန်းများအတွက် ချမှတ်ထားသည့် မူဝါဒများကို အကဲဖြတ်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကို ပေးဆောင်နိုင်မည်ဖြစ်ကြောင်း။
မူဝါဒနယ်ပယ်တစ်ခုချင်းစီ၌ အကဲဖြတ် အဆင့်များသတ်မှတ်ထားသဖြင့် မိမိတို့ကျင့်သုံးနေသော မူဝါဒများသည် MSME တိုးတက်မှုအတွက် မည်မျှကောင်းမွန်သည်ကို အခြားအဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်၍ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်ပြီး အကောင်းဆုံးအလေ့အကျင့်များ၊ တိုးတက်မှုနယ်ပယ်များနှင့် ကွာဟချက်များကို ဖော်ထုတ်ပေးနိုင်ကြောင်း၊ နိုင်ငံတော်အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးပြုပံ့ပိုးပေးလျက်ရှိနေသည့်အပြင် မူဝါဒအညွှန်းကိန်းကိုလည်း စိတ်ဝင်တစား စောင့်ကြည့်လေ့လာနေသည့်အတွက် ရလဒ်ကောင်းများကို အာဆီယံနိုင်ငံများနှင့်အတူ အထောက်အထားခိုင်လုံမှန်ကန်စွာ မှတ်တမ်းတင်ခွင့်ရရှိနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အာဆီယံဒေသတွင်း မူဝါဒအညွှန်းကိန်း၌ မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အချက်အလက်များ တိုးတက်မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များ၊ မူဝါဒအညွှန်းကိန်းပါ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ရေးကိစ္စရပ်များ၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေး၊ အထူးစီးပွားရေးဇုန်များနှင့် ပြည်တွင်းစက်မှုဇုန်များ ချိတ်ဆက်ဆောင်ရွက်ရေး၊ လုပ်ငန်းနှင့်ပညာရပ် ချိတ်ဆက်ဆောင်ရွက်ရန်၊ GDP တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးတက်ဆောင်ရွက်ရေးတို့အား လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ဘဏ္ဍာငွေရရှိရေးအတွက် စီမံဆောင်ရွက်နေမှု၊ MSME များအတွက် ချေးငွေထုတ်ချေးပေးနေမှု၊ ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ဖြေလျော့ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ASEAN SME Policy Index (2024) အရ မြန်မာနိုင်ငံ၏ ရလဒ်များနှင့် ASEAN SME Policy Index(2024)၏ အရေးပါမှုအခြေအနေများ ကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ် MSME Agency ဥက္ကဋ္ဌများက ASEAN SME Policy Index (2024) အပေါ် ဒေသအလိုက် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။
မွန်းလွဲပိုင်းတွင် ချေးငွေများထုတ်ချေးပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်းဆိုင်ရာနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ MSME လုပ်ငန်းရှင်များနှင့် ဆက်လက်ကျင်းပရာ ချေးငွေများအား လုပ်ငန်းရှင်များသို့ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ချေးငွေရရှိရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ချေးငွေရရှိသူများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များ သိရှိလိုသည်များကို တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်