ရန်ကုန် ဖေဖော်ဝါရီ ၁၄
အလုပ်သမားရေးရာကိစ္စများနှင့် ပတ်သက်သည့် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် စက်မှုဇုန်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်မှုသည် အလုပ်ရှင်၊ အလုပ်သမားတို့၏ အကျိုးစီးပွား ဖြစ်ထွန်းစေသည့်အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား နားလည်မှု လွဲမှားစေသည့် ကိစ္စရပ်များ၊ အပေးအယူမမျှတမှုများ၊ အခက်အခဲများကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ CMP လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)၏ အခန်းကဏ္ဍကို လစ်လျူရှုထား၍ မရကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လ၌ ကျင်းပခဲ့သည့် (၃၄၄)ကြိမ်မြောက် Governing Body(GB) တွင် မြန်မာနိုင်ငံအပေါ် Convention 29 အဓမ္မခိုင်းစေမှုဆိုင်ရာကိစ္စနှင့် Convention 87 လွတ်လပ် စွာအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့်ကို အကာအကွယ်ပေးခြင်းဆိုင်ရာ ပြဋ္ဌာန်း ချက်တို့ကို လေးစားလိုက်နာမှုမရှိဟု ဖော်ပြခဲ့သဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို ILO အနေဖြင့်သိရှိရန် ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်အပြင် မြန်မာနိုင်ငံ၌ လာရောက်တာဝန်ထမ်းဆောင်နေသော သက်ဆိုင်ရာနိုင်ငံ၏ သံတမန် များ၊ ILO ကိုယ်စားပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း။
မြန်မာနိုင်ငံ၏ အခြေအနေ အမှန်များကို သိရှိနိုင်ရန်၊ အရေးယူမည့်ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်နိုင်ရန်အတွက် သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ရုပ်သိမ်းခြင်း၊ ရပ်ဆိုင်းခြင်း၊ GSP ၊ EBA ကဲ့သို့ ပို့ကုန်ဆိုင်ရာအခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းခံ ရခြင်းတို့ကြောင့် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ ထိခိုက်မှုရှိသလို အလုပ်သမားများ အလုပ်အကိုင်အခွင့် အလမ်းများ ဆုံးရှုံးစေမည်ဖြစ်သည့်အတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ယနေ့ခေတ်သည် မီဒီယာလွှမ်းမိုးသည့် ခေတ်ဖြစ်၍ တရားမဝင်သတင်းဌာန များမှ ဖော်ပြသော အလုပ်သမားရေးရာသတင်းများကို ဝေဖန်ပိုင်းခြားကာ အသိအမှန်ဖြစ်စေရေး စဉ်းစားဆောင်ရွက်ရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၏ ဆွေးနွေး တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) အစည်းအဝေးခန်းမ၌ အသင်းချုပ်တာဝန်ရှိသူများ၊ ညီနောင်အသင်းအဖွဲ့များမှ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံပြီး အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)