(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့် စက်ယန္တရားနှင့် နည်းပညာများကို အနယ်နယ်အရပ်ရပ်မှပြည်သူများ စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြပြီး ဆုရရှိသူများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြခန်းများမှ တာဝန်ရှိသူများ၏ ရင်တွင်းပီတိစကားသံများကို တွေ့ဆုံမေးမြန်းရေးသားလိုက်ရပါသည်-

 

ဒေါ်မေဖူးပွင့်စိုး

ဥက္ကဋ္ဌ၊ နိုင်ငံတကာခေါင်းဆောင်မှု

တက္ကသိုလ်-ILU (နေပြည်တော်)

ကျွန်‌မတို့အနေနဲ့ ပုဂ္ဂလိက ပညာရေး အဖွဲ့အစည်းဖြစ်တဲ့ ကျောင်းသား ကျောင်းသူတွေ ၈၇ ‌ဦးနဲ့ လာရောက် လေ့လာတာဖြစ်ပါတယ်။ ပြပွဲက Digital Corner ကိုလည်း လေ့လာခဲ့ပါတယ်။ နေပြည်တော် ပိုလီ တက်ကနစ်ရဲ့ ပြခန်းကို လေ့လာခဲ့ သလို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ရဲ့ ပြခန်းကိုလည်းလေ့လာခဲ့ပါတယ်။

 

ဒီလို လေ့လာခွင့်ရတဲ့အခါမှာ မြန်မာနိုင်ငံကွန်ပျူတာအသင်းရဲ့ နည်းပညာတွေကို သိခဲ့ရပါတယ်။ MSME ဆိုတာ ဘာလဲ၊ MSME ရဲ့ roll တွေက ဘာတွေရှိသလဲ၊ MSMEက Digital စနစ်နဲ့ ဘယ် လိုချိတ်ဆက်ထားသလဲ ဆိုတာ တွေ သိခဲ့ရသလို မြန်မာနိုင်ငံက လူငယ်တွေအတွက် နည်းပညာ အပိုင်းမှာ ဘာတွေလိုအပ်နေသလဲ ဆိုတာတွေ သိခွင့်ရခဲ့ပါတယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ e- Government ကို လျှောက်လှမ်းတဲ့ အခါ၊ Digital အသွင်ကူးပြောင်းဖို့ လုပ်နေတဲ့အချိန်မှာ အခုလိုမျိုး ပြပွဲတွေက အင်မတန် အရေးကြီး ပါတယ်။ အခု ဒီပြပွဲကနေ MSME လုပ်ငန်းတွေကို တွေ့ရတယ်၊ အစိုးရတက္ကသိုလ်တွေရဲ့ နည်း ပညာတွေကိုလည်း မြင်ရတယ်။ ဒီလိုလုပ်ငန်းတွေ၊ ထုတ်ကုန်တွေ ကို တစ်နေရာတည်းမှာ တွေ့ခွင့်ရ ခဲ့ပါတယ်။ အကျိုးကျေးဇူးများတဲ့ အတွက် ဒီလိုမျိုးပြပွဲမျိုးကို နှစ်စဉ် ကျင်းပတာမျိုး၊ တစ်နှစ်မှာ တစ်ကြိမ်၊ နှစ်ကြိမ် လုပ်တာမျိုး လုပ်သင့်ပါတယ်။ပြပွဲလုပ်တဲ့အခါ မှာလည်း အနည်းဆုံး တစ်ပတ် လောက်အထိ ကျင်းပပေးနိုင်ရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။

 

ဒေါ်သန်းသန်းနု

ဒေသတစ်ခုထုတ်ကုန်တစ်ခု

အကောင်းဆုံးဆု(ကယားပြည်နယ်)

ပြောင်းအခြေခံထုတ်ကုန်ကို ၂၀၂၃ ခုနှစ်ကတည်းက ထုတ်လုပ် ခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ ပြောင်းကို အခြောက်ခံပြီး ထုတ် ကုန်တွေထုတ်ပါတယ်။ ပြည်နယ် ကထွက်တဲ့ ပြောင်းကလည်း ပြည်ပအထိ တင်ပို့နိုင်တဲ့အဆင့်အထိ အရည်အသွေးမြင့်မားပါတယ်။ ကျွန်မတို့ထုတ်လုပ်တဲ့ပြောင်းက မြန်မာတစ်နိုင်ငံလုံးကထွက်ရှိတဲ့ ပြောင်းတွေနဲ့ ယှဉ်လို့ရပါတယ်။ အဲဒီလိုအရည်အသွေး တွေရှိတယ်ဆိုတာကို သိစေချင် တဲ့ရည်ရွယ်ချက်နဲ့ လာရောက် ပြသရခြင်း ဖြစ်ပါတယ်။ ပြောင်းထုတ်ကုန်အပြင် နိုင်ငံခြားကို တင်ပို့နိုင်ဖို့ ပီလောပီနံထုတ်ကုန် ကိုလည်း ထုတ်လုပ်ဖို့ ပြင်ဆင် နေပါတယ်။ အခုလို ပြည်ထောင်စုအဆင့် MSME ပြပွဲပြိုင်ပွဲမှာ ဆုရတဲ့အတွက်လည်း အများကြီး ဝမ်းသာ ဂုဏ်ယူရပါတယ်။ အခုလို ပြပွဲပြိုင်ပွဲတွေမှာ အရင်က ဝင် ရောက်ယှဉ်ပြိုင်ခဲ့တာတော့ မရှိခဲ့ပါဘူး။ အခုတစ်ကြိမ်က ပထမ ဆုံးပါ။ ထုတ်လုပ်ရောင်းချလာတာကတော့ ကြာပါပြီ။ အခုလို နိုင်ငံတော်အဆင့်ပွဲကြီးမှာ င်ရောက် ပါဝင်ပြသရောင်းချခွင့်ရတဲ့အတွက်လည်း တာဝန်ရှိသူတွေကို အများ ကြီး ကျေးဇူးတင်ပါတယ်။

 

ဦးထက်လင်းအောင်

ဒေသတစ်ခုထုတ်ကုန်တစ်ခု

အကောင်းဆုံးဆု(မွန်ပြည်နယ်)

အခုလို ပြည်ထောင်စုအဆင့် MSME ပြပွဲပြိုင်ပွဲကြီးမှာ ဆုရတဲ့ အတွက် အဘက်ဘက်ကနေ ထောက်ပံ့ကူညီပေး သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုဆုရခဲ့ တာကတော့ နုရော်ဘာအဆင့်မြင့် ထုတ်ကုန်ထုတ်လုပ်မှုနဲ့ အထူးဆု ရခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ မှာ ပြည်တွင်းထုတ်လုပ်မှုအပြင် ပြည်ပတင်ပို့နိုင်ဖို့ ထုတ်လုပ်လျက် ရှိပါတယ်။ စက်ရုံတည်ထောင်ပြီး ထုတ်လုပ်လာခဲ့တာကတော့ လေး နှစ်ရှိပါပြီ။ လုပ်ငန်းကတော့ မိသားစုပိုင်လုပ်ငန်း ဖြစ်ပါတယ်။ ရော်ဘာထုတ်ကုန်တွေ မထုတ်လုပ်ခင်ကတည်းက ရော်ဘာစိုက် ပျိုးမှုကို ဘိုးဘွား အစဉ်အဆက် ကတည်းက လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြပွဲပြိုင်ပွဲတွေ ကျင်းပပြုလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကိုလည်း ပြသခွင့်ရတဲ့အတွက် အများကြီး အကျိုးကျေးဇူးရရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်မယ့် ထုတ်ကုန်ပစ္စည်း တွေ ဆက်လက်ထုတ်လုပ်သွား နိုင်ဖို့လည်း ကြိုးစားလုပ်ကိုင်သွား ဖို့ရှိပါတယ်။

 

ဦးအောင်မောင်း

စစ်ကိုင်းတိုင်းဒေသကြီး

MSME ပြခန်းတာဝန်ခံ

ကျွန်တော်တို့ MSME ပြခန်းမှာ ပြခန်းပေါင်း ၃၆ ခုရှိပါတယ်။ အဲဒီ ထဲမှာမှ ကုန်ထုတ်လုပ်မှုအမယ် ပေါင်း ၄၃၃ မျိုးရှိပြီး အရေအတွက် အားဖြင့် ၉၈၇၀ ပါဝင်ပါတယ်။ တန်ဖိုးအားဖြင့် ငွေကျပ်သန်း ၂၃၁ ဒသမ ၆၇၆ သန်းဖြစ်ပါတယ်။ MSME မှာ နှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက MSME OROP နဲ့ နောက်တစ်ခုက Small၊ Medium၊ Micro ဆိုပြီး ခွဲထားပါတယ်။ အဲဒီအထဲမှာမှ OROP က သုံးမျိုး၊ Small က သုံးမျိုး၊ Medium က သုံးမျိုးနဲ့ Micro က သုံးမျိုး စုစု ပေါင်း ၁၂ မျိုးဖြစ်ပါတယ်။ ခွဲခြား ပြသထားတဲ့ ရည်ရွယ်ချက်က တော့ ပြည်တွင်းထွက်ကုန် ကုန်ကြမ်းကနေထုတ်လုပ်တဲ့ ကုန် ထုတ်လုပ်ငန်းတွေကို အားပေးဖို့၊ သွင်းကုန်အစားထိုးပြီး တန်ဖိုးမြှင့် ထုတ်ကုန်တွေထုတ်လုပ်ဖို့နဲ့ စိုက် ပျိုးရေး၊ မွေးမြူရေးအခြေခံထုတ် ကုန်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့နဲ့ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP)ဆိုပြီး ဆောင်ရွက်ထား တာဖြစ်ပါတယ်။ OROP မှာဆိုရင် တစ်နိုင်ငံလုံးသိရှိပြီးဖြစ်တဲ့ ရွှေဘို ပေါ်ဆန်းကို ပါဝင်ယှဉ်ပြိုင်ပြသ ထားပါတယ်။ ပြီးတော့ ကျွန်တော် တို့ ခင်းကျင်းပြသထားတဲ့ ပြကုန် တွေအပြင် ခိုတောင် မုန့်တီ၊ ရေဦးကြက်အူချောင်း၊ ဝက်အူ ချောင်းနဲ့ ဟုမ္မလင်းခေါင်းစီးထမင်း သုပ် စတဲ့ ရိုးရာအစားအစာတွေ ကိုလည်း ပြသထားပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး အနေနဲ့ MSME ပြပွဲ၊ ပြိုင်ပွဲမှာ အမယ်ကို တတ်အားသလောက် အစုံအလင် ပါဝင်ယှဉ်ပြိုင်ပြသ ထားပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ သယံဇာတ အများဆုံးထွက်ရှိတဲ့နိုင်ငံဖြစ်ပါ တယ်။ တကယ်တမ်းထုတ်ဖော် ဖို့ကျ အားနည်းကြတော့ ရှိတဲ့ဟာကို ထုတ်ကုန်တန်ဖိုးမြှင့်ပြီး မလုပ်နိုင်တာတွေ ရှိတယ်။ မည်သို့ဆိုစေ အခုလို MSME ပြပွဲတွေ ကျင်းပပေးတဲ့အတွက် MSME လုပ်ငန်းရှင်တွေ အနေနဲ့ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိလိမ့် မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီလို ကျင်းပပေးတဲ့အတွက် လည်း ထုတ်ကုန်တွေ လာရောက် ပြသတဲ့ အနယ်နယ်အရပ်ရပ်က လုပ်ငန်းရှင်တွေဟာ ကိုယ်မသိ သေးတဲ့ အကြောင်းအရာတွေကို အခြားပြည်နယ်နဲ့ တိုင်းဒေသကြီး MSME ပြကွက်တွေမှာ လေ့လာ ခွင့်ရကြပါတယ်။ အဲဒီလိုပါပဲ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီး က MSME လုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော်တို့ ပြခန်းကို လာရောက်လေ့လာလို့ရတယ်။ အဲဒီတော့ တစ်ဦးနဲ့တစ်ဦး ဗဟု သုတတွေ ဖလှယ်ခွင့်ရတယ်။ ပြီးတော့ SME ရဲ့ အခက်အခဲ အတားအဆီးတွေမှာ ငွေကြေး၊ နည်းပညာနဲ့ ဈေးကွက်တွေဖြစ် တယ်။ ဒီပြပွဲမှာ အဲဒီသုံးခုစလုံး အဆင်ပြေသွားတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ငွေကြေးပိုင်းဆိုင်ရာ မှာ SME Banking စနစ်တွေပါ လာတဲ့အခါ ဘဏ်တွေနဲ့တိုက်ရိုက် ချိတ်ဆက်ကာ အကောင့်တွေ ဖွင့်ပြီး ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ် သက်ပြီး ဆွေးနွေးလို့ရတယ်။ အလားတူ နည်းပညာနဲ့ပတ်သက် လို့ ညှိနှိုင်းသင်ယူလို့ရမယ့်အခွင့်အလမ်းတွေရှိတယ်။ ဈေးကွက် အနေနဲ့လည်း အားလုံးပေါင်းစပ် ပြီး ဆောင်ရွက်ပေးတာတွေရှိ တယ်။ ဒီဒေသမှာပဲ ဒီလိုလုပ်ပေး ခြင်းအားဖြင့် ကျွန်တော်တို့ ပါလာ တဲ့ကုန်ပစ္စည်းတွေတောင် ကုန် သလောက်ဖြစ်တဲ့အတွက် ပြန်ပြီး တောင် မှာရမလိုဖြစ်နေတယ်။ ရောင်းအားအနေနဲ့ အခုချိန်ထိ ငွေကျပ်သိန်း ၇၀၀ နီးပါး ရောင်းချ ပြီးဖြစ်ပါတယ်။ အဲဒီတော့ MSME ပြပွဲမှာ ကျွန်တော်တို့ရောင်းရတာ အတော်အဆင်ပြေတယ်လို့ ပြော ချင်ပါတယ်။

 

ဦးသန်းထွဋ်

ပဲခူးတိုင်းဒေသကြီး

လက်မှုပညာပြခန်း

ကျွန်တော်တို့ တိုင်းဒေသကြီး မှာ ပန်းပုနဲ့ပတ်သက်လို့ အသင်း လေးသင်းရှိပါတယ်။ ယခု MSME ပြည်ထောင်စုအဆင့် ပြပွဲမှာတော့ ရွှေမြန်မာပန်းပုလုပ်ငန်းက လက် မှုပညာတွေကို ပြိုင်ပွဲဝင်ပြသခြင်း ဖြစ်ပါတယ်။ ပစ္စည်းအမျိုးအမယ် ပေါင်း ၁၂၅ မျိုး ပြသထားပါတယ်။ မြန်မာ့လက်မှုပညာ ပန်းဆယ် မျိုးဝင် ပန်းပုလုပ်ငန်းကို အခုလို ပြည်ထောင်စုအဆင့် MSME ပြပွဲမှာ လာရောက်ပြသခွင့်ရတဲ့ အတွက် အထူးပဲ ဝမ်းသာကျေနပ်မိ ပါတယ်။ အခုလိုကျင်းပပေးတဲ့ အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေက လုပ်ငန်းရှင်တွေနဲ့ ဆုံစည်း ခွင့်ရတဲ့အတွက်လည်း ကျေနပ်မိ ပါတယ်။ အခုဆိုရင်ဖြင့် ကျင်းပ တာ ငါးရက်ရှိပါပြီ။ ကျွန်တော်တို့ ပန်းပုလက်ရာပစ္စည်းတွေ ရောင်းချ မှုအနေနဲ့ သိန်း ၃၀၀ ကျော် ရောင်း ချပြီးဖြစ်ပါတယ်။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

 

ဒေါ်မရမ်ယိမ်းနန်

မွန်ရိုးရာ အဝတ်အထည်ပြခန်း

တာဝန်ခံ

ကျွန်မတို့ မွန်ရိုးရာအဝတ် အထည်ပြခန်းအနေနဲ့ MSME ပြပွဲကို လာရောက်ကြတဲ့ တိုင်း ရင်းသား ညီအစ်ကို မောင်နှမများ အတွက် ပစ္စည်းအမျိုးအမယ် ပေါင်း ၁၀ မျိုး လာရောက်ရောင်းချ ပြသတာ ဖြစ်ပါတယ်။ ပုံမှန်အား ဖြင့်တော့ မွန်ရိုးရာဝတ်စုံတွေကို အဖြူနဲ့အနီဆိုပြီး အများကသိရှိ ထားတယ်။ အခုဟာကတော့ မွန်ရိုးရာ ပွဲတက်ဝတ်စုံနဲ့ အလှူ မင်္ဂလာပွဲတက်ဝတ်စုံတွေကို ဒီဇိုင်း ကာလာမျိုးစုံနဲ့ ကျွန်မတို့ စက်ရုံ ကထုတ်လုပ်တဲ့ အဝတ်အထည် တွေကို ထူးခြားမှုအနေနဲ့ ပြသ ထားပါတယ်။ ကျွန်မတို့ အဝတ် အထည်တွေကို မွန်လူမျိုးများ အပြင် မွန်ရိုးရာကိုချစ်မြတ်နိုးတဲ့ ပြည်သူတွေကလည်း ဝယ်ယူအား ပေးကြပါတယ်။ တစ်ရက်ကို ငွေကျပ် ၁၀ သိန်းဖိုးလောက်တော့ ရောင်းချရပါတယ်။ အခုလို ပြပွဲ ပြိုင်ပွဲတွေကျင်းပပေးတာ ကျေးဇူး တင်ပါတယ်။ ရိုးရာဓလေ့၊ ရိုးရာ ထုတ်ကုန်တွေကို လာရောက်ပြသ ပြီး MSME လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခွင့်ရတဲ့အတွက် ကျေနပ်အားရမိပါတယ်။

 

ဦးမျိုးလွင်

ရှမ်းပြည်နယ်

MSME ပြခန်းတာဝန်ခံ

အခုလို MSME ပြပွဲ၊ ပြိုင်ပွဲမှာ လာရောက်ပြသတဲ့ ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ ပြည်နယ် ရဲ့ ထုတ်ကုန်တွေပြသဖို့နဲ့ လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါ တယ်။ ကျွန်တော်တို့ပြခန်းမှာ တော့ အမျိုးအစားပေါင်း ၈၅ မျိုး ပြသရောင်းချပါတယ်။ ဒီမှာက ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက် ပိုင်းနဲ့ တောင်ပိုင်းက လုပ်ငန်းရှင် တွေ ပါဝင်ပြသခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ပြခန်းမှာ ရိုးရာ အသုံးအဆောင်၊ လူသုံးကုန် နဲ့ အဝတ်အထည်တွေ စသဖြင့် မျိုးစုံပါပဲ။ လုပ်ငန်းရှင်တွေ ကိုယ် တိုင် လာရောက်ရောင်းချပေးတဲ့ အတွက် ဈေးနှုန်းသင့်တင့်ပြီး လာရောက်ဝယ်ယူသူတွေလည်း အများအပြားပါပဲ။ အားလုံးကို ပင်ရင်းဈေးအတိုင်းပဲ ရောင်းချ တာပါ။ အခုချိန်ထိတော့ ရောင်းချ ငွေကျပ်သိန်း ၅၀၀ ရှိပါပြီ။ နောက်ထပ်လည်း နှစ်ရက်တိုးထားပါတယ်။ ကျွန်တော်တို့ပြခန်းကို လာရောက် ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ အနယ်နယ် အရပ်ရပ်က MSME လုပ်ငန်းရှင် အများစု မျှော်လင့်နေတဲ့ အခုလို MSME ပြပွဲ၊ ပြိုင်ပွဲတွေ ကျင်းပ ပေးတာ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ

အလင်းသစ်၊ သန်းတင်အောင်