နေပြည်တော် ဖေဖော်ဝါရီ ၁၄

(၇၈)နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ပြသကြသည့် ပြည်ထောင်စုနယ်မြေနေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန် များကို ပဉ္စမနေ့အဖြစ် နေပြည်တော် ဥပ္ပါတသန္တိစေတီ တော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက် ပြသရောင်းချလျက် ရှိရာ ဝန်ကြီးဌာနများမှ ဝန်ထမ်း များနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ အနယ်နယ် အရပ်ရပ်မှ ဒေသခံပြည်သူများ၊ MSME လုပ်ငန်းရှင်များ၊ သီလဝါ စက်မှုဇုန်တွင် ရောက်ရှိနေသော နိုင်ငံခြားသားများနှင့် နေပြည်တော် သို့ သီးခြားအစီအစဉ်ဖြင့် ရောက်ရှိ နေသော နိုင်ငံခြားသားများ လာရောက်လေ့လာကြပြီး အထူး စည်ကားလျက်ရှိသည်။

ထိုသို့ ပြပွဲလာပြည်သူများ တစ်ခဲနက်ပါဝင်ပြီး အထူးစိတ်ပါ ဝင်စားစွာ ပါဝင်ဆင်နွှဲကြသည့် အတွက် ပြပွဲကို ဖေဖော်ဝါရီ ၁၆ ရက်အထိ နှစ်ရက်တိုး ကျင်းပသွား မည်ဖြစ်သည်။

 

ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြခန်းတွင် ခင်းကျင်းပြသထား သည့် ဘက်ထရီအားဖြင့် ဆိုလာပန့် ရေတင်မောင်းနှင်စနစ်၊ လက်ဆွဲ ကောက်စိုက်စက်၊ မျိုးစေ့ချ စက်ကိရိယာနှင့် သဘာဝမြေဆွေး ကန်ပုံစံငယ်တို့ကို လာရောက် ကြည့်ရှုသူများပြားခဲ့ပြီး ပြခန်း တာဝန်ရှိသူများက ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ နည်းပညာ၊ အသိပညာများကို ရှင်းလင်းမျှဝေ ပေးလျက်ရှိသည်ကို တွေ့ရှိရသည်။

 

လားတူပြပွဲအဝင်၌ ရွေ့လျား မော်တော်ယာဉ်ဖြင့် စက်မှုနှင့် သက်မွေးပညာ ရွေ့လျားသင်တန်း ကျောင်းပြခန်းကို ပြသလျက်ရှိပြီး အခြေခံလျှပ်စစ်ပညာသင်တန်း၊ အခြေခံစက်ပြင်သင်တန်း၊ အခြေခံ ဂဟေဆက်သင်တန်းနှင့် အခြေခံ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်း နည်းသင်တန်းအကြောင်းအရာများကို တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းပြသပေးလျက်ရှိရာ စက်မှုနှင့် သက်မွေး ပညာရပ်ကို စိတ်ဝင်စားကြသည့် လူငယ်များစွာ လာရောက်လေ့လာ ကြသည်ကို တွေ့ရသည်။

 

ထို့အတူ ပြပွဲအတွင်း နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှပြခန်းအလိုက် တာဝန် ရှိသူများသည် လာရောက်လေ့လာ ကြသူများ၏ ဒေသထုတ်ကုန်၊ ထွက်ကုန်ပစ္စည်းများနှင့် ပတ်သက် ၍ သိရှိလိုသည့် မေးခွန်းများကို ဖြေကြားဆွေးနွေးပေးကြသည်။

 

အလားတူ လုပ်ငန်း/စီးပွား ချိတ်ဆက်မှု ပြခန်းအတွင်း ပြည်တွင်းဈေးကွက် ချိတ်ဆက်မှု၊ ပြည်ပဈေးကွက် ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေ ချိတ်ဆက်မှု၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ One Stop Services များ ရယူနိုင်ရေး ဆောင်ရွက် နေကြသည့် MSME လုပ်ငန်းရှင်များဖြင့် စည်ကားလျက်ရှိပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သတင်း အချက်အလက်နှင့် နည်းပညာများ မျှဝေပေးခြင်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်များသို့ ထိုးဖောက်နိုင်ရန် စံအရည် အသွေး သတ်မှတ်ချက်များနှင့် ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံပြီး စွန့်ဦးတီထွင် လုပ်ငန်းဆိုင်ရာ အမြင်သစ် များကို အသိပညာပေး ဆွေးနွေးမျှဝေပေ ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပြပွဲအတွင်း ပြခန်းများ ခင်းကျင်း ပြသရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထင်ရှားကျော်ကြားသည့် ပြကွက်များကို သရုပ်ဖော်ပြသထားသည့်အတွက် လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများသည် တစ်ဦးချင်းအလိုက်၊ အစုအဖွဲ့အလိုက် ဂုဏ်ယူစွာ အမှတ်တရဓာတ်ပုံရိုက်ကြသည်ကိုလည်း တွေ့ရသည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှထွက်ရှိသည့် ဒေသအလိုက် အစားအစာများ၊ ရိုးရာအစားအစာများကို တိုင်းရင်းသား ရိုးရာ အစားအစာ အရောင်းပြခန်းများ၌ ပြည်သူများ စိတ်ကြိုက်ဝယ်ယူ စားသုံးနိုင်ရန်အတွက် ဈေးနှုန်း ချိုသာစွာ ရောင်းချပေးလျက်ရှိ သည့်အတွက် ဝယ်ယူစားသုံးသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။

 

“မန္တလေးဒေသ အစားအစာ အရောင်းပြခန်းက အစားအစာ တွေက ကောင်းတယ်လို့ အပြော များတယ်။ ဒီနေ့ ကျွန်တော် သွားဝယ်စားတော့ ရောင်းကုန် သွားလို့ မစားခဲ့ရသေးဘူး။ကျန်တဲ့ သင်္ကြန်ထမင်း၊ ကရင်တာလပေါ့၊ ဆာဗူးသီး ဒီလို ရိုးရာအစားအစာ တွေကိုလည်း ကြိုက်ကြတဲ့သူ များတယ်။ ကျွန်တော်ကတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာအစား အစာ အားလုံးကို ကြိုက်တယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ တွေရဲ့ အသံဝဲဝဲလေးတွေ ကြားရ တာ ကြိုက်တယ်။ ဒီလိုတိုင်းရင်း သားတွေ နေရာအနှံ့ကလာတဲ့ပွဲမို့ တကူးတက လာဖြစ်တာပါ။ ပြပွဲ ပြသရက်လည်း တိုးတဲ့အတွက် မနက်ဖြန်တစ်ခေါက် ထပ်လာ မယ်”ဟု လယ်ဝေးမြို့မှ ဦးရဲလင်းဦး က ပြောသည်။

 

အလားတူ ကုန်ထုတ်သမ ဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်း၊ စက်မှုဝန်ကြီးဌာန၊ မြန်မာ စီးပွားရေးကော်ပို ရေးရှင်း(MEC)နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အထူးဈေးနှုန်းဖြင့် ချိုသာစွာရောင်းချ ပေးလျက်ရှိရာ လာရောက်ဝယ်ယူ ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

“ပွဲတော်မှာ ဒေသထွက်ကုန် မျိုးစုံကို တစ်နေရာတည်းမှာ လေ့လာကြည့်ရှုပြီး ဝယ်ယူခွင့်ရရှိခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်း မျိုးစုံကို သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးတဲ့အတွက် ဝမ်းသာပါတယ်။ ဒါ့အပြင် တောင်သူတွေ အတွက် အကျိုးရှိစေမယ့်ပြည်တွင်း စက်မှုဇုန်များက ကိုယ်ပိုင်တီထွင် ဆန်းသစ်ထုတ်လုပ်ထားတဲ့ စက်ပစ္စည်းမျိုးစုံကို ကြည့်ရှု လေ့လာခွင့်ရရှိခဲ့တဲ့အတွက် ဗဟုသုတများ စွာ ရရှိပါတယ်”ဟု တပ်ကုန်းမြို့မှ ဦးနိုင်လင်းအောင်က ပြောသည်။

သတင်း- သန်းမင်းအောင်၊ အောင်မင်းထွန်း

ဓာတ်ပုံ - ကိုအေးသန်း