နေပြည်တော် ဖေဖော်ဝါရီ ၁၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဝါးအလယ်ကျွန်းရှိ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်၊ လန်ပိကျွန်းရှိ မကြုံဂလက် ဆလုံတိုင်းရင်းသားကျေးရွာသို့ သွားရောက်၍ ဒေသခံဆလုံတိုင်းရင်းသားများနှင့် တွေ့ဆုံပြီး လန်ပိကျွန်းနှင့် ပတ်ဝန်းကျင်ဒေသသည် ဆလုံတိုင်းရင်းသားများ၏ လူနေမှုနှင့် ယဉ်ကျေးမှု ဓလေ့များ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ သဘာဝတောတောင်များဖြင့် သာယာလှပသော နေရာတစ်ခုဖြစ်ပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း၊ ဒေသခံများနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင်များ၏ တန်းဖိုးကို သိရှိနားလည်ပြီး ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြရန် မှာကြားကာ ဆလုံတိုင်းရင်းသား အိမ်ထောင်စုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် စာသင်ကြားမှု အထောက်အကူပြုပစ္စည်းများနှင့် ကျေးရွာစာကြည့်တိုက် တည်ထောင်နိုင်ရေး အတွက် အလှူငွေများပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်းရှိ အရှေ့တိုင်းပုလဲကုမ္ပဏီနှင့် စိန့်လုခ်ကျွန်းရှိ မြန်မာအန်ဒါမန်ပါးလ် ကုမ္ပဏီသို့ သွားရောက်၍ မုတ်ကောင်သားဖောက်မွေးမြူမှုနှင့် ဝတ်ဆံသွင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပုလဲထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် မုတ်ကောင် သားဖောက်ခြင်းမှ ပုလဲဖော်ခြင်းအထိ လုပ်ငန်းစဉ်အလိုက် အထူးအလေးထား ဆောင်ရွက်သွားရန်နှင့် မုတ်ကောင်သားဖောက်ရှင်သန်မှု မြင့်မားစေရေး၊ ဝတ်ဆံမြဲ မုတ်ကောင်ရာခိုင်နှုန်း တိုးတက်လာစေရေး၊ ဖော်ယူရရှိသော ပုလဲများ၏ အရည်အသွေးမြင့်မား စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်