ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

 

မြန်မာနိုင်ငံ မီးသတ်ဝန်ထမ်းဟောင်းများအသင်း၏ သက်ကြီးပူဇော်ပွဲနှင့် (၃၇) နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် သီတာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အသက် (၇၅) နှစ်နှင့် အထက် မြန်မာနိုင်ငံမီးသတ်ဝန်ထမ်းဟောင်း သက်ကြီးပုဂ္ဂိုလ် (၉၂) ဦးကို ဂါဝရပြု ကန်တော့ကြပြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အလှူငွေ ကျပ် ၂၁၁ သိန်းရှစ်သောင်းကျပ်နှင့် အလှူရှင်များက ငွေကျပ် ၁၅ သိန်းခွဲတို့ကို အသင်းနာယ ဦးမြင့်ထွန်းထံ ပေးအပ်လှူဒါန်းသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ထံသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် တည်ဆောက် လျက်ရှိသည့် မီးသတ်တပ်ဖွဲ့ ဘိုးဘွားရိပ်သာအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးကငွေ ကျပ်သိန်း ၃၀၊ ရာဇမုဏီရုပ်ပွားတော်မြတ် ဓမ္မာရုံအတွက် ငွေကျပ် ၂ သိန်း၊ မီးသတ်ဦးစီးဌာန လက်ထောက် ဦးစီးမှူးလောင်းသင်တန်း အမှတ်စဉ် (၄) မှ အလှူငွေကျပ် ၁၆ သိန်း၊ လက်ထောက် ဦးစီးမှူးလောင်း သင်တန်းအမှတ်စဉ် (၁) မှငွေကျပ် ၂ သိန်းတို့ကို ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ကန်တော့ခံ မီးသတ်ဝန်ထမ်းဟောင်းများအသင်းမှ တာဝန်ရှိသူတစ်ဦးက မုဒိတာစကား ပြန်လည်ပြောကြားပြီး မြန်မာနိုင်ငံ မီးသတ်ဝန်ထမ်းဟောင်းများအသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ မြန်မာနိုင်ငံ မီးသတ်ဝန်ထမ်းဟောင်းများ အသင်း၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်

ဓာတ်ပုံ - ဇွဲမာန်