နေပြည်တော် ဖေဖော်ဝါရီ ၁၆

 

လယ်ယာသုံး စက်ကိရိယာပစ္စည်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပသည့် တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ရာတွင် ပစ္စည်း တစ်ခုချင်းစီ၏ အရည်အသွေးများကို သတ်မှတ်ရမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံသည့် ထုတ်လုပ်မှု ကျင့်စဉ်များကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာသုံး စက်ပစ္စည်းကိရိယာများကို အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်သူများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်အပြင် ဝန်ကြီးဌာနများမှလည်း လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထုတ်လုပ်မည့် စက်ပစ္စည်းတစ်ခုချင်းစီ၏ ပုံစံဒီဇိုင်း၊ ထုတ်လုပ်မှုနည်းစဉ် ၊ အသုံးပြုမည့်ကုန်ကြမ်း စသည်တို့ကို စနစ်တကျသတ်မှတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အရည်အသွေး ကောင်းမွန်စေရေးအတွက် အရည်အသွေး အာမခံစနစ်များ ထူထောင်ထားရှိ ရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စပါးများစိုက်ပျိုးရာတွင် ကြဲပက်သည့်စနစ်နှင့် အစေ့ချ စိုက်ပျိုးသည့်စနစ်တို့သည် အထွက်နှုန်းတူညီမှုမရှိပါကြောင်း၊ ထို့ကြောင့် အထွက်နှုန်းပိုမိုကောင်းမွန်သည့် အစေ့ချစိုက်ပျိုးသည့်စနစ်၊ ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သီးနှံများလေလွင့်ဆုံးရှုံးမှု နည်းပါး စေရေးအတွက် အချိန်မီရိတ်သိမ်းနိုင်ရေးကိုလည်း စီမံဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထုတ်လုပ်ထားရှိသည့် လယ်ယာသုံးစက်ပစ္စည်း ကိရိယာများသည် ဒေသနှင့်ကိုက်ညီမှုရှိအောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ်ရာတွင် အသုံးပြုရမည့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် သံ၊ သံမဏိတို့တွင်ပါဝင်သည့် ဓါတုနှင့် ရုပ်ဂုဏ်သတ္တိများ၊ အရည်အသွေးများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာ ဝန်ဆောင်မှုအသင်းများဖွဲ့စည်း၍ ပံ့ပိုးမည့်အခြေအနေ၊ မြေပြုပြင်ရန်လိုအပ်မှု၊ အရင်းအနှီး၊ သွင်းအားစုများ ဖြည့်ဆည်းပေးမည့်အခြေအနေ၊ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိရေးအတွက် စိုက်နည်းစနစ်မှန်ကန်စေရေး အသိပညာပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည့်အခြေအနေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်လုပ်ထားရှိသည့် လယ်ယာသုံး စက်ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးကို ဝိုင်းဝန်အကြံပြု ဆွေးနွေးကြသည်။

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး/ ပြည်နယ် ပြခန်းများ၌ ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို လှည့်လည် ကြည့်ရှုသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဖွဲ့စည်းထားရှိသည့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအလိုက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်