ရန်ကုန် ဖေဖော်ဝါရီ ၁၆

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာအေးစေတီလမ်းရှိ အမျိုးသားအနုပညာပြတိုက်အဖြစ် ဆောင်ရွက်သွားမည့် (ချင်းချောင်း နန်းတော် ) ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဉီးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားကဇာတ်ရုံတို့ အသီးသီးတည်ထောင်ပြီးဖြစ်သော်လည်း အမျိုးသားအနုပညာပြတိုက် တစ်ခုသာ တည်ထောင်ရန် ကျန်ရှိနေသေးသဖြင့် အမျိုးသားအနုပညာပြတိုက် တည်ထောင်ဖွင့်လှစ် နိုင်ရန် ၂၀၁၈ ခုနှစ်မှ စတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ အမျိုးသားအနုပညာပြတိုက် တည်ဆောက်မည့် နေရာကိုပန်းချီဆရာကြီးများ၊ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းချက်အရ ဤကမ္ဘောဇရိပ်သာ ( ချင်းချောင်းနန်းတော် ) ကို ညွှန်းဆိုဆွေးနွေးခဲ့ကြ၍ ဤအဆောက်အဦအား အမျိုးသား အနုပညာပြတိုက်အဖြစ် တည်ထောင်ဖွင့်လှစ်ရန် စီမံကိန်းရေးဆွဲပြီး ပြခန်း ဖွဲ့စည်းပုံများပါ ထည့်သွင်းရေးဆွဲကာ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စ၍ M.I.E.G Co; Ltd သို့ လုပ်ငန်းအပ်နှံလျက် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် ( ရန်ကုန် ) ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက အမျိုးသားအနုပညာပြတိုက် ( ချင်းချောင်း ) ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ပြင်ဆင်ပြီးပါက ခင်းကျင်းပြသွားမည့်စီမံချက်၊ လျာထားချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အနုပညာဦးစီးဌာန၊ ဇာတ်ရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးရာထန်းလျန်က ချင်းချောင်းနန်းတော်အတွင်း ဘွဲ့လွန်မြန်မာ ပြက္ခဒိန်ပညာ ဒီပလိုမာသင်တန်းနှင့် နက္ခတာရာကြည့်ပြခန်း၊ ပြက္ခဒိန်ပညာဆိုင်ရာ စာကြည့်တိုက်တို့ ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမျိုးသားအနုပညာပြတိုက်အဖြစ် ဆောင်ရွက်သွားမည့် ကမ္ဘာဇရိပ်သာ (ချင်းချောင်းနန်းတော်) အတွင်း ပြုပြင်၊ ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

 

 

သတင်းစဉ်