ရန်ကုန် ဖေဖော်ဝါရီ ၁၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)က ဦးဆောင်ကျင်းပသည့် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေအစီအစဉ် (MKCF)အရ မဲခေါင်ဒေသတွင်းဖန်တီးမှု ရုပ်ရှင်ပွဲတော် (ရိုးရာအားကစားနှင့် အစားအစာများ)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြဝတီမီဒီယာစင်တာ Ball Room ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံ ငွေအစီအစဉ် (MKCF)မှ တာဝန်ရှိသူများ၊ မဲခေါင်-ကိုရီးယားနိုင်ငံများမှ စီမံကိန်းအကြံပေးပညာရှင်များ၊ မှတ်တမ်းရုပ်ရှင် အကဲဖြတ်ဒိုင်များ၊ စီမံကိန်းစီမံကွပ်ကဲရေးအဖွဲ့ (PIA TEAM)အဖွဲ့ဝင်များ၊ မှတ်တမ်းရုပ်ရှင် များရေးသားရိုက်ကူးဖန်တီးကြသည့် ဒေသတွင်းနိုင်ငံများမှ လူငယ်အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး MKCF ၏ Project Coordinator Ms. Mi Jung Im က အစီအစဉ် မိတ်ဆက်စကားပြောကြားကာ တောင်ကိုရီးယား အနုပညာတက္ကသိုလ် (K-Art)မှ ပါမောက္ခနှင့် ကမ္ဘောဒီးယားမှ တာဝန်ရှိသူတို့က မှတ်တမ်းရုပ်ရှင်ဖန်တီးမှု အတတ်ပညာဆိုင်ရာများကို ဆွေးနွေးပို့ချကြသည်။
ဆက်လက်၍ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ရိုက်ကူးထားသည့် ရိုးရာအားကစားနှင့် ရိုးရာအစားအစာ မှတ်တမ်းရုပ်ရှင်များကို ပြသပြီး တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
အဆိုပါ မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် (ရိုးရာအားကစားနှင့် အစားအစာများ) အစီအစဉ်ကို မြဝတီမီဒီယာစင်တာတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၀ ရက် အထိကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ မဲခေါင်ဒေသတွင်း လူငယ်ရုပ်ရှင်ဖန်တီးသူများ၏ ရိုးရာအားကစားနှင့် ရိုးရာအစားအစာအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်များကို ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်