နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတန်ဖိုးထားတတ်စေရန်၊ ဝန်ထမ်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းလုံးညီညွတ်မှုတို့ရှိကြစေရန်နှင့် မြန်မာတို့၏ (၁၂) လ ရာသီ ပွဲတော်များ၏ အနှစ်သာရကို သိရှိနားလည်တတ်စေရန် ရည်ရွယ်ပြီး မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

 

ထမနဲထိုးပြိုင်ပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ ပြိုင်ပွဲဝင်အသင်းများ၊ ဖိတ်ကြားထားသူများ ပါဝင် တက်ရောက်ကြသည်။

 

ထမနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာနမိသားစုများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှ (၃) သင်း၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ပြိုင်ပွဲဝင်အသင်း (၇) သင်း စုစုပေါင်း (၁၀) သင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မြန်မာ့ရိုးရာဓလေ့စရိုက်များကို ထိန်းသိမ်းတန်ဖိုးထားပြီး စည်းလုံးမှု၏ စွမ်းအားဖြင့် သန့်ရှင်းမျှတစွာ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အမှတ်ပေးဒိုင်အဖွဲ့ တာဝန်ရှိသူက ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစနစ်များကို ရှင်းလင်းပြောကြားပြီး ဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ခရာမှုတ်၍စတင်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများ၏ အသင်းအလိုက် တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေး ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တ၊ ပဉ္စမဆု ရရှိကြသည့် အသင်းများနှင့် အရောင်အဆင်း၊ အနံ့အရသာ၊ အပြင်အဆင်ကောင်းမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ဝတ်စားဆင်ယင်မှုစသည်တို့တွင် အထူးဆုရရှိကြသည့် အသင်းများကို ဆုများပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းမိသားစုများကို ထမဲနဲများဖြင့် ဧည့်ခံ၍ ပြိုင်ပွဲဝင်အသင်းများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်