နေပြည်တော် ဖေဖော်ဝါရီ ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး၊ သဘာဝ မြေဩဇာ အသုံးပြုရေး၊ စိုက်ပျိုးရေများကို အလေအလွင့်မရှိစေရေး၊ သီးနှံစိုက် စွမ်းအားတိုးတက်ရေးတို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက သီးနှံစိုက်စွမ်းအား တိုးတက်ရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြီး ဒေသတောင်သူများက လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး ဖွင့်ပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း ဥပဒေဆိုင်ရာ အခြေခံ သဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ် အသီးသီး၌ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စနစ်တကျ အမှားအယွင်းမရှိ တာဝန်ထမ်းဆောင်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရန်၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်တတ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁) အလတ်စား လယ်ယာသုံး စက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် လယ်ယာသုံး စက်ကိရိယာများဖြင့် နွေစပါး စိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံကာ နေပြည်တော်အတွင်းရှိ လယ်ယာများတွင် ကောက်စိုက်စက်များဖြင့် စိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်