နေပြည်တော် ဖေဖော်ဝါရီ ၁၇

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအဖြစ် ကြံသီးနှံ နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ မန်းမြန်မာ ဟိုတယ်၌ ကျင်းပသည်။

 

အဆိုပါ သင်တန်းတွင် တရုတ်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များက ကြံသီးနှံနည်းပညာများကို Online မှ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရပြီး ကြံမျိုးစေ့ပျိုးထောင်ခြင်း၊ ဇီဝနည်းပညာဖြင့် ကြံစိုက်ပျိုးခြင်း၊ ကြံတစ်သျှူးများပျိုးထောင်ခြင်း၊ ကြံမျိုးကောင်းစိုက်ပျိုးရေးနှင့် လျင်မြန်စွာမျိုးပွားခြင်း၊ ကြံပိုးမွှားများ နှင့် ပေါင်းပင်မြက်ပင်များအား ပိုးသတ်ဆေးဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ ကြံမျိုးကောင်းများ ထွက်ရှိနိုင်ရေးနှင့် စပ်လျဉ်း၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ထို့ပြင် ကြံပင်ကောင်းမွန်မြန်ဆန်စွာ စိုက်ပျိုးရေး၊ စက်ယန္တရား အသုံးချခြင်းနှင့် ရေရှည်တည်တံ့သော ကြံစိုက်ပျိုးရေးအဖြစ် ဖော်ဆောင်ခြင်း၊ ကြံဇီဝနည်းပညာ၊ ကြံသီးနှံကာကွယ်ရေး၊ ကြံလမိုင်းပြုပြင် စိုက်ပျိုးရေး စနစ်တကျ စီမံခန့်ခွဲမှု စသည့် နည်းပညာများကိုလည်း ပို့ချပေးသွားမည်ဖြစ်သည်။

 

သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဌာနတာဝန်ရှိသူများ၊ နေပြည်တော်မှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်းပြည်နယ် စိုက်ပျိုးရေးဌာန ဒုတိယဌာနမှူး Mr. Gao Wen Chun ၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း တာဝန်ခံဌာနမှူး Mr. Yin Yi Peng နှင့် ကြံသီးနှံ နည်းပညာပေးကြမည့် သင်တန်းဆရာ ဆရာမများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ သင်တန်းသား ဝန်ထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြသည်။

 

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံ ဌာနခွဲသည် “မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ကြံစိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်နိုင်ရန် အတွက် ခေတ်မီနည်းပညာနှင့် အရည်အသွေးကောင်း မျိုးကြံများ ဖြန့်ဖြူးခြင်း”စီမံကိန်းကို လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်