နေပြည်တော် ဖေဖော်ဝါရီ ၁၇

 

ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း ၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို ‌ စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ ပြည်ပနိုင်ငံသား ၁၃၀၃ ဦးတို့ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးအပ်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီအမြန်ဆုံးအရေးယူ၍ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လုံခြုံရေး ဆိုင်ရာဝန်ကြီးဌာန လက်ထောက် ဝန်ကြီး H. E. Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး Trisak Indararusmi နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့၌တွေ့ဆုံ ဆွေးနွေးကြသည်။

 

ဦးစွာ အဆိုပါ သုံးနိုင်ငံပူးပေါင်းအဖွဲ့သည် မြဝတီမြို့- ရွှေကုက္ကိုလ် နှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေး ဖော်ထုတ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားမှု အခြေအနေများ၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူ နေမှုအခြေအနေများကို လိုက်လံ ကြည့်ရှုလေ့လာကြသည်။

 

 

အဆိုပါ သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် မြဝတီမြို့၌တွေ့ဆုံပြီး ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံ သားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ် နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကာ သုံးနိုင်ငံအကြား အွန်လိုင်းလိမ်လည်မှု (Telecom Fraud) တားဆီးနှိမ်နင်းရေးစနစ် အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်ရေး၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) ဇုန်များ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

နိုင်ငံတော် အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ၏ နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်