နေပြည်တော် ဖေဖော်ဝါရီ ၁၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ သိုင်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့သည် မြန်မာ့သိုင်းအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှု ရရှိစေရေး ကြိုတင်ပြင်ဆင်နေမှု အပါအဝင် အဖွဲ့ချုပ်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ မြန်မာ့ရိုးရာသိုင်းအားကစားနည်း မတိမ်ကော မပပျောက်စေရေးနှင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးတို့အတွက် ဆက်လက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလက်ဝှေ့အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် ဦးကိုကိုအောင်တို့က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် စခန်းဝင်လေ့ကျင့်နေမှုနှင့်  စီစဉ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲနှင့် မိမိတို့ဝန်ကြီးဌာန၏ လိုလားချက်၊ မျှော်မှန်းချက်ဖြစ်သည့် မြန်မာ့အားကစားတိုးတက်မြင့်မား စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ အားကစားသမားများကို ပြောင်းလဲလာသည့် နည်းစနစ်များအပေါ် အားသာချက်ရှိအောင် ကြိုတင်ပြင်ဆင်ပြီး လေ့ကျင့်သင်ကြားပေးသွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်